MT News

အလုပ်သမားအဖွဲ့အစည်း ၁၆ ဖွဲ့နှင့် ပတ်သက်၍ မမှန်မကန်ဖော်ပြသော အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့အစည်း (ILO) ကို ပြင်းထန်စွာကန့်ကွက်ကြောင်း အလုပ်သမားဝန်ကြီးဌာနက စက်တင်ဘာ ၃ ရက်တွင် ကြေညာချက်ထုတ်ပြန်လိုက်သည်။

ILO ၏ Website တွင် “ကြမ်းတမ်းသော အခက်အခဲကို ဖြတ်ကျော်ခြင်း – မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်သမား အဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများ၏ ကြံ့ကြံ့ခံနိုင်မှု” (Riding out the storm: Organizational resilience of trade unions and civil society organizations following the military takeover in Myanmar) ခေါင်းစဉ်ဖြင့် ဩဂုတ် ၂၄ ရက်တွင် ILO Brief တွင် လွှင့်တင်ထားခဲ့မှုအပေါ် အလုပ်သမားဝန်ကြီးဌာနက အချက်ကိုးချက်ဖြင့် ရေးသားကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ILO Brief တွင် မြန်မာနိုင်ငံ၌ အလုပ်သမား ခေါင်းဆောင်များအား ဖမ်းဆီးခြင်း၊ အကြမ်းဖက်ခြင်းများ ဆောင်ရွက်နေကြောင်းနှင့် “အလုပ်သမားဝန်ကြီးဌာနသည် အလုပ်သမား အဖွဲ့အစည်း(၁၆)ဖွဲ့ကို တရားမဝင်အဖွဲ့အစည်းများအဖြစ် ကြေညာခဲ့ကြောင်း၊ အလုပ်သမား သမဂ္ဂအဖြစ် တရားဝင်မှတ်ပုံတင်ရန် နည်းလမ်းမရှိသောကြောင့် အလုပ်သမားများအနေဖြင့် အလုပ်သမား အဖွဲ့အစည်းများ ထပ်မံဖွဲ့စည်းမှုမရှိကြောင်း” စသည့်အချက်များ ဖော်ပြပါရှိခဲ့သည်။

ILO ၏ ထိုသိုဖော်ပြမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ်(၈၇) အရ ၂၀၁၁ ခုနှစ်၊ အလုပ်သမား အဖွဲ့အစည်းဥပဒေကို ၂၀၁၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ၉-၃-၂၀၁၂ ရက် နေ့တွင် စတင်အာဏာတည်ခဲ့သည်။ အလုပ်သမားများသည် အလုပ်သမားရေးရာကိစ္စရပ်များကို ဆောင်ရွက်ရန်အတွက် အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းလိုပါက အလုပ်သမားအဖွဲ့အစည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ မှတ်ပုံတင်ရမည်ဖြစ်ပြီး မှတ်ပုံတင်ထားသည့် အလုပ်သမားအဖွဲ့အစည်းများသည် အလုပ်သမားအဖွဲ့အစည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်ခွင့်ရှိသည်။

ထို့ပြင် နိုင်ငံ၏တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကို ထိခိုက်စေသည့် အကြမ်းဖက်ခြင်း၊ ဆူပူမှုဖြစ်စေရန်ဆောင်ရွက်ခြင်း စသည့် အပြုအမူများကို လုပ်ဆောင်သည့် မည်သူမဆို နိုင်ငံ၏ သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ အရေးယူခံရမည်ဖြစ်သည်။ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်သမားအဖွဲ့အစည်း (၁၆) ဖွဲ့နှင့်ပတ်သက်၍ “တရားမဝင် အဖွဲ့အစည်းများ” အဖြစ် ကြေညာခဲ့ခြင်းမဟုတ်ဘဲ အဆိုပါ (၁၆) ဖွဲ့ သည် ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေအရ အလုပ်သမား ဝန်ကြီးဌာနတွင် အလုပ်သမားအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ဖွဲ့စည်းထားခြင်းမရှိဘဲ အလုပ်သမားအဖွဲ့အစည်း အမည်ခံ၍ အလုပ်သမားရေးရာကိစ္စများ ဆောင်ရွက်နေခြင်းဖြစ်သဖြင့် အလုပ်သမား အဖွဲ့အစည်းဥပဒေအရ တရားဝင်မှတ်ပုံတင်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများ မဟုတ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာဏာထိန်းသိမ်းမှုဖြစ်စဥ်ဖြစ်ပေါ်ခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းတွင်လည်း ယခင်ကာလများကဲ့သိုပင် အလုပ်သမားများ အနေဖြင့် ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်း ဥပဒေနှင့်အညီ သက်ဆိုင်ရာ မြိုနယ်မှတ်ပုံတင် အရာရှိများနှင့် မှတ်ပုံတင်အရာရှိချုပ်ထံ အလုပ်သမားသမဂ္ဂအဖြစ် တရားဝင် မှတ်ပုံတင် လျှောက်ထားခဲ့၍ ၁-၂-၂၀၂၁ ရက်နေ့မှ ၃၀-၈-၂၀၂၂ ရက်နေ့အထိ အခြေခံအလုပ်သမား အဖွဲ့အစည်း ၂၆ ဖွဲ့၊ မြို့နယ် အလုပ်သမားအဖွဲ့အစည်း ၁ ဖွဲ့နှင့် တိုင်းဒေသကြီးအလုပ်သမား အဖွဲ့အစည်း၂ ဖွဲ့တို့ကို အသိအမှတ်ပြု လက်မှတ်များထုတ်ပေးခဲ့ပြီး တည်ဆဲဥပ‌ဒေများနှင့်အညီ လှုပ်ရှားဆောင်ရွက်မှုများအပေါ် မည်သည့်ကန့်သတ်မှုမျှမရှိဘဲ အလုပ်သမားအဖွဲ့အစည်းများ ထပ်မံ ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။

၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေအရ ၂၀၁၂ ခုနှစ်မှ ယနေ့အထိ အခြေခံအလုပ်သမားအဖွဲ့အစည်း ၂၈၇၆ ဖွဲ့၊ မြို့နယ် အလုပ်သမားအဖွဲ့အစည်း ၁၆၀ ဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ် အလုပ်သမားအဖွဲ့အစည်း ၂၅ ဖွဲ့၊ အလုပ်သမားအဖွဲ့ချုပ် ၉ ဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ၁ ဖွဲ့၊ အ‌ခြေခံ အလုပ်ရှင်အဖွဲ့အစည်း ၂၇ ဖွဲ့၊ မြိုနယ်အလုပ်ရှင်အဖွဲ့အစည်း ၁ ဖွဲ့နှင့် အလုပ်ရှင်အဖွဲ့ချုပ် ၁ ဖွဲ့ စုစုပေါင်း ၃၁၀၀ ဖွဲ့တို့အား မှတ်ပုံတင် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ခဲ့သည်။

ထို့ကြောင့် ILO Website တွင် ဖော်ပြခဲ့သည့် “ကြမ်းတမ်းသော အခက်အခဲကို ဖြတ်ကျော်ခြင်း – မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်သမားအဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုရေး အဖွဲ့အစည်းများ၏ ကြံ့ကြံ့ခံနိုင်မှု (Riding out the storm: Organizational resilience of trade unions and civil society organizations following the military takeover in Myanmar) ခေါင်းစဉ်ဖြင့် ILO Brief လွှင့်တင်ထားရာတွင်ပါရှိသည့် “အလုပ်သမားအဖွဲ့ အစည်း(၁၆)ဖွဲ့ကို တရားမဝင်အဖွဲ့အစည်းများအဖြစ် ကြေညာခဲ့သည်” ဟူသည့်အချက်နှင့် ”အလုပ်သမားများအနေဖြင့် အလုပ်သမား အဖွဲ့အစည်းများ ထပ်မံဖွဲ့စည်းမှုမရှိကြောင်း၊ စည်းရုံးရေး လှုပ်ရှားမှုမှန်သမျှကို အာဏာပိုင်များက တရားမဝင်ဟုသတ်မှတ်ကြောင်း” မမှန်မကန်ဖော်ပြချက်များကို ပြင်းထန်စွာ ကန့်ကွက်သည်ဟု အလုပ်သမားဝန်ကြီးဌာန၏ ကြေညာချက်ကဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *