၅.၄. ၂၀၂၄
Written by Thettant

မိုးမောက်မြို့နယ် ကျောက်စခန်းကျေးရွာမှ လုံခြုံရေးတပ်ကို KIA နှင့် PDF ပစ်ခတ်တိုက်ခိုက်ရာက ကျေးရွာပျက်စီး

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ကျောက်စခန်း ကျေးရွာကို ဧပြီလ ၃ ရက်နှင့် ၄ ရက်တို့တွင် တပ်မတော်မှလေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းများကြောင့် ရွာတစ်ဝက်ခန့် ပျက်စီးသွားကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် စွပ်စွဲရေးသားထားပြီး  ပြည်သူများအထင်အမြင်လွဲမှားစေရန် ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဖြစ်စဥ်အမှန်မှာ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်စခန်းကို KIA နှင့် PDF များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ယင်းလက်နက်ကြီးကျည်များသည် အဆိုပါ ကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့၍ နေအိမ်များမီးလောင်ပျက်စီးခဲ့ကြောင်း လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်နှင့် မြေပြင်သတင်းပေးပို့မှုများအရသိရှိရပြီး လူမှုကွန်ရက်တွင် ဖြန့်ဝေနေသည့်သတင်းများမှာ သတင်းတု၊ သတင်းအမှားများသာဖြစ်ကြောင်း SAC ၏ သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က တုံ့ပြန်ထားသည်။

တနိုင်းမြို့အနီး ဗဟိုပြု၍ ပြင်းအား ရစ်ချ်တာစကေး ၅ ဒသမ ၅ ရှိ ငလျင်လှုပ်

၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၇ နာရီ၊ ၁၅ မိနစ်၊ ၃၆ စက္ကန့်အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၇၈ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တနိုင်းမြို့၏ အရှေ့မြောက်ဘက် (၁၄) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၂၆ ဒသမ ၅၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၈၆ ဒီဂရီ၊ အနက် ၃၈ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်ချ်တာစကေး ၅ ဒသမ ၅ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

တွံတေးမြို့၊ ဂျောင်ဝိုင်းလေးရပ်ကွက်မှ လုံခြုံရေးဂိတ်ကို PDF များ မိုင်းခွဲ

ယမန်နေ့ ဧပြီ ၄ ရက် ညနေ ၆ နာရီဝန်းကျင်အချိန်တွင်  ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် ဂျောင်ဝိုင်းလေးရပ်ကွက်ရှိ စစ်တပ်ဂိတ်ကို PDF များက ပြင်းအားမြင့် မိုင်းများသုံး၍ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု တိုက်ခိုက်သည့် Dark Shadow အဖွဲ့က ပြောသည်။

ကြည့်မြင်တိုင်တစ်ဖက်ကမ်းနှင့် ဆိတ်ကြီးခနောင်တို တစ်ဖက်ကမ်းတို့တွင် ပြည်သူ့စစ်များကို လက်နက်တပ်ဆင်သင်တန်းပေးမှုများရှိနေသောကြောင့် ထိုတိုက်ခိုက်မှုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုလည်း Dark Shadow က ပြောသည်။

ကျိုက်ထို၊ မုပ္ပလင်လမ်းဆုံဂိတ်ကို KRF က ဒရုန်းဗုံးလေးလုံးချ တိုက်ခိုက်

ယမန်နေ့ ဧပြီ ၄ ရက် နေ့လယ် ၂ နာရီခွဲဝန်းကျင်ခန့် အချိန်တွင် ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံဂိတ် ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF)၊ KNU/KNLA နှင့် ကျိုက်ထို ပကဖ ပူးပေါင်းအဖွဲ့မှ စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်၍ ဒရုန်းဖြင့် ဗုံးသီး ( ၄) လုံးချတိုက်ခိုက်ခဲ့ရာ ဂိတ်ခေါင်မိုးပေါ်တည့်တည့် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထိခိုက်သေဆုံးမှုကို ဆက်လက်စုံစမ်းလျှက်ရှိကြောင်းနှင့် ဒရုန်းဖြင့်အဝေးက တိုက်သည့် ပူးပေါင်းအဖွဲ့မှာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ယနေ့ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *