April 28, 2024

၂၀၂၃ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့အစည်းအဝေးအား တွေ့ရစဉ်

Written by Thettant
SAC ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့် အညီ နိုင်ငံတော်တာဝန် ထမ်းဆောင်ရင်း ထိခိုက်/ဒဏ်ရာရ၊ သေဆုံး/ ကျဆုံး ခဲ့သည့် နိုင်ငံ့ဝန်ထမ်းများ၊ မိမိ၏ အသက်အန္တရာယ်ကို မငဲ့ကွက်ဘဲ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်နိုင်ရေး စိစစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း SAC ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။
ထို့ပြင် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကိုတည်ဆောက်ရာတွင်နိုင်ငံတော်အတွက် ထူးကဲစွာ အကျိုးဆောင်သူများ၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်များ ထမ်းဆောင်ရာတွင် မိမိကိုယ် ကျိုးကို မငဲ့ကွက်ဘဲ အသက်ခန္ဓာစွန့်လွှတ်ပြီး ရဲဝံ့စွန့်စားစွာ တာဝန်ထမ်းဆောင်ခဲ့ကြသော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအပါအဝင် ပြည်သူ့ဝန်ထမ်းများကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်(၁၂)မျိုး ချီးမြှင့်နိုင်ရေးအတွက်စိစစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၂၀၂၃ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့် အပ်နှင်းရန် စိစစ်ရေးအဖွဲ့အစည်းအဝေးတွင် ပြောကြားသည်။
၂၀၂၂ ခုနှစ် တစ်နှစ်တာကာလအတွင်း သက်ဆိုင်ရာကဏ္ဍအလိုက်စွမ်းစွမ်းတမံတာဝန် ထမ်းဆောင်ခဲ့ကြသော နိုင်ငံ့ ဝန်ထမ်းများ ကိုလည်း စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်(၁၂)မျိုးချီးမြှင့်နိုင်ရေးအတွက် ၂၀၀၉ ခုနှစ်၊ ဂုဏ်ထူးဆောင် ဘွဲ့များ၊ ဂုဏ်ထူး ဆောင်တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်၊ ၂၀၁၄ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲများ၊ ဂုဏ်ထူး ဆောင်တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်ကို ဖြည့်စွက် ပြဋ္ဌာန်းချက် တို့နှင့်အညီ စိစစ်ဆောင် ရွက်သွားမည်ဖြစ်သည်။
၂၀၂၃ခုနှစ် ဇန်နဝါရီ ၄ ရက်၊ စိန်ရတုလွတ်လပ်ရေးနေ့တွင် ချီးမြှင့်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ၂၀၂၂ခုနှစ် မတ်လ ၂၇ ရက်တွင် ပထမအကြိမ်အဖြစ် စည်သူဘွဲ့(၁)ဉီး၊ သီရိပျံချီဘွဲ့(၉)ဉီး၊ ဇေယျကျော်ထင်ဘွဲ့(၅)ဉီး၊ ဝဏ္ဍကျော်ထင်ဘွဲ့ (၄၅) ဉီး အပါအဝင် စုစုပေါင်း (၈၈၀)ဉီးကို ချီးမြှင့်ရန် သတ်မှတ်ထားပြီး ဒုတိယအကြိမ်အဖြစ် ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း (၁) ရက်တွင် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ၊ စွမ်းရည်သတ္တိဆိုင်ရာများကို ထုတ်ပြန်ထားပြီးဖြစ်သည်။ အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် အဂ္ဂမဟာသီရိသုဓမ္မဘွဲ့(၃)ဉီး၊ သတိုးသီရိသုဓမ္မဘွဲ့ (၂)ဉီး၊ အဂ္ဂမဟာသရေစည်သူ ဘွဲ့(၅)ဉီး၊ သတိုးမဟာသရေစည်သူဘွဲ့(၅)ဉီး အပါအဝင် စုစုပေါင်း (၁၄၆)ဉီးကို ၂၀၂၃ခုနှစ် ဇန်နဝါရီ ၄ ရက် စိန်ရတုလွတ်လပ်ရေးနေ့တွင် နိုင်ငံတော်အဆင့်အခမ်းအနားဖြင့် ချီးမြှင့်နိုင်ရန် ထုတ်ပြန်ကြေညာထားပြီးဖြစ်ကာ ယခုထပ်မံ၍ ချီးမြှင့်သင့်ချီးမြှင့်ထိုက်သူ၊ မြှောက်စားသင့်မြှောက်စားထိုက်သူများမှ ကျန်ရှိသူများကို ထပ်မံစိစစ်ခြင်းဖြစ်ကြောင်း လည်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *