PDF များရန်မှ တတ်နိုင်သမျှ ကာကွယ်ရန် စီမံချက်ရေးဆွဲထား

NUG ဝန်ကြီးများနှင့် EAO ခေါင်းဆောင်များ မည်သူမျှ နိုင်ငံသားမဟုတ်တော့ဘဲ PDF များကို ခိုင်းစားနေဟု ဦးခင်ရီ ပြော

၄.၁၁. ၂၀၂၂

Written by Thettant

PDF များအနေဖြင့် ရဟန်းသံဃာများနှင့် အမျိုးသမီးများကို သတ်နေမည့်အစား မိမိကိုလာသတ်နိုင်သည်ဟု USDP ဥက္ကဋ္ဌသစ် ဦးခင်ရီက စိန်ခေါ်လိုက်သည်။

နွေဦးတော်လှန်ရေး စတင်ပြီးနောက် PDF များ စတင်ဖွဲ့စည်းခြင်းမပြုမီကတည်းက တော်လှန်ရေးကို ထောက်ခံမှုမရှိသောသူများနှင့် SAC ၏ ယန္တရားလည်ပတ်အောင်လုပ်ဆောင်ပေးနေသော ဝန်ထမ်းများကိုသတ်ဖြတ်ခဲ့ရာ ရဟန်းသံဃာများ၊ သီလရှင်များ၊ ဆရာ/ဆရာမများ၊ ရပ်ကျေးဝန်ထမ်းများနှင့် USDP၊ PPP စသည့် ပါတီဝင်များ စုစုပေါင်း ၄၁၀၀ ခန့် သတ်ဖြတ်ခံထားရပြီး အဆိုပါလုပ်ရပ်များအပေါ် မကြာသေးမီကမှ USDP ဥက္ကဋ္ဌဖြစ်လာသည့် ဦးခင်ရီက စိန်ခေါ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော့်ကို သတ်လို့ရတယ်။ ကျွန်တော်က စစ်ဗိုလ်ဟောင်း။ သတ်ချင်တဲ့သူ လာသတ်။ ကျွန်တော်စစ်ဗိုလ်ဟောင်း။ မဟုတ်ဘူးလား။ ကျွန်တော်က ပြည်ခိုင်ဖြိုးပါတီမှာ တာဝန်ရှိတဲ့သူ။ တကယ့်ထောက်တိုင်။ ကျွန်တော့်ကို သတ်လို့ရတယ်။ ကျွန်တော်က အမာခံ။ ဒါပေမဲ့ ဆရာတော်ဘုရားတွေ သတ်လို့မရဘူး။ မကောင်းဘူး။ အမျိုးသမီးတွေ သတ်လို့မရဘူး။ အမျိုးသမီးထဲမှာမှ တချို့က ကိုယ်လေးလက်ဝန်ရှိတဲ့ အမျိုးသမီးတွေသတ်နေကြတယ်။ ဘာမှမဟုတ်တဲ့ ခေါင်းရွက်ဗျတ်ထိုးကလေးတွေ သတ်နေကြတာ ဒါဟာ ပုံစံမကျဘူး။ ဒါတွေကို ဒီနေ့ကျွန်တော်တို့ ရင်ဆိုင်နေရတယ်။ ဒီအတိုင်းပွဲပြီးမလား။ မပြီးဘူး။ လုပ်ကြရမှာပေါ့။ စုပေါင်းအားနဲ့ လုပ်ကြရမှာ။ လုံခြုံရေးတပ်ဖွဲကတော့ တစ်ဦးချင်းကို ဘယ် လုံခြုံရေးပေးနိုင်မလဲ။ ကျွန်တော်တို့လူက ၅၅ သန်းရှိတယ်။ ကျွန်တော်တို့ စီမံချက်တွေ ဆွဲနေတယ်။ တတ်နိုင်သမျှ ကာကွယ်မယ်” ဟု ဦးခင်ရီက ပြောသည်။

ထို့ပြင် ပြည်ပထွက်ပြေးသွားသည့် NUG ဝန်ကြီးများ၊ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များအားလုံးမှာ မြန်မာနိုင်ငံသားအဖြစ်မှ ရုတ်သိမ်းခံထားရသူများနှင့် တခြားနိုင်ငံသားခံယူထားသူများဖြစ်နေပြီး ထိုသို့သော လူများက လွတ်မြောက်ရာတွင် ချမ်းသာကြွယ်၀နေပြီး မြန်မာနိုင်ငံသားကလေးငယ်များကို ခိုင်းစားနေသည်များကိုလည်း မဖြစ်စေလိုကြောင်း ဦးခင်ရီက ဆက်လက်ပြောသည်။

“PDF ဆိုတဲ့ကလေးတွေ သူတို့လုပ်နေကြတယ်။ ကျွန်တော်တို့ သားသမီးအရွယ်လေးတွေ။ သူတို့ ခိုင်းနေတဲ့သူတွေ ကြိုက်တဲ့သူ လက်ညှိုးထိုးပြ။ ဘယ်သူမှ နိုင်ငံသားမဟုတ်တော့ဘူး။ မြန်မာနိုင်ငံသားအဖြစ်က ရုတ်သိမ်းခဲ့တာရှိတယ်။ ကျွန်တော်ဒုတိယအကြိမ်ဝန်ကြီးဖြစ်ခဲ့ချိန်မှာ ရုတ်သိမ်းခဲ့တာရှိတယ်။ မြန်မာနိုင်ငံသားဆိုတာ ရုတ်သိမ်းပြီးရင် ဘယ်တော့မှ နိုင်ငံသားပြန်မဖြစ်ဘူး။ သမ္မတကြီးဦးသိန်းစိန်လက်ထက်မှာ အမျိုးသားရင်ကြားစေ့ရေးအရ လုပ်ခဲ့တယ်ဆိုတာ နိုင်ငံတော်တည်ဆောက်ရေးကာလမှာ လိုအပ်ချက်အရ တစ်သက်မှာ တစ်ခါလောက်လုပ်ခဲ့တာ။ အဲဒီတော့ အမိန့်ပေးစေခိုင်းသူတွေက လွတ်လပ်တဲ့နယ်မြေတွေမှာ ပိုက်ဆံတွေ ချမ်းသာပြီးတော့ နိုင်ငံခြားသားက ခိုင်းနေတာ။ ကြိုက်တဲ့သောင်းကျန်းသူခေါင်းဆောင်ကို ကျွန်တော့်ကို ပြောပြ။ အားလုံးနိုင်ငံခြားသားတွေ အခြားနိုင်ငံသားခံယူထားတဲ့သူတွေ။ အဲဒီတော့ ပြောချင်တာက ကျွန်တော်တို့က လွတ်လပ်ရေးရတာ ဟုတ်မှဟုတ်ရဲ့လား မေးစရာတောင်ဖြစ်နေတယ်။ ပြည်ပမှာရှိတဲ့သူတွေက ကျုပ်တို့ကလေးတွေကို ခိုင်းနေတာ။ ကျုပ်တို့ဆီက ကလေးတွေက ဘာမသိညာမသိနဲ့။ ကျုပ်တို့ကလေးတွေ သားတွေ၊ သမီးတွေ၊ မျိုးဆက်တွေ။ မကြောက်တာက မကြောက်တာဘဲ။ ဒါပေမဲ့ကျုပ်တို့ကလေးတွေကို ဒီလိုမဖြစ်စေချင်ဘူး”ဟု လ၀ကဝန်ကြီးအဖြစ် နှစ်ကြိမ်တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သော ဦးခင်ရီက ဆက်လက်ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *