MT News
၂၅ .၄.၂၀၂၄

ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီ” တည်ထောင်ခွင့်ပြုကြောင်း UEC က ယနေ့ည ကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် (၃) ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ အမှတ် (၉၉) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားသော “ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီ” ကို ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၅ ရက်မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်းနှင့် “ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီ” ၏ မှတ်ပုံတင်အမှတ်မှာ (၄၉) ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)မှ ကြေညာချက်အမှတ် (၂/၂၀၂၄)ဖြင့် ယနေ့တွင် ကြေညာထားသည်။

ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာကို PDF များ ပစ်ခတ်၍ နေအိမ်များမီးလောင်ပျက်စီးဟု တုံ့ပြန်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာရှိ နေအိမ်များကို လုံခြုံရေး တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည့်ဖြစ်စဉ် ဧပြီလ ၂၄ ရက်နေ့တွင်ဖြစ်ပွားခဲ့ကြောင်းသတင်းနှင့်ပတ်သက်၍ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ PDF များသည် ရွှေဘို-ဆိပ်ခွန်-မူးကမ်းကြီး လမ်းပိုင်းတွင် ကုန်စည်စီးဆင်းမှုပြုလုပ်နေသည့် ကုန်ကားများနှင့် ခရီးသွားပြည်သူများကို ငွေကြေးကောက်ခံခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းများ ပြုလုပ်လျက်ရှိသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး ၎င်းကျေးရွာအနီးတစ်ဝိုက်တွင် နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက်သမားများက လက်လုပ်လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ ချီပါကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်များ မီးလောင်ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည်ဆိုသည်မှာ မှန်ကန်မှုမရှိကြောင်း သိရှိရသည် သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က ခေတ်သစ်သတင်းမီဒီယာ၏ သတင်းမှားဖော်ပြမှုကို တုံ့ပြန်ထားသည်

အိမ်သာကျင်းပြိုကျပြီး ပိမိနေသူကို အသက်ရှင်လျက်ကယ်ဆယ်

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ရုပ်ရှင်ရုံလမ်း၊ နေအိမ်တွင် ယနေ့ နေ့လယ် ၁၂ နာရီကျော်က အိမ်သာကျင်းပြိုကျပြီး အမျိုးသား(၁)ဦး ပိမိနေကြောင်း သတင်းရရှိသဖြင့် ခရမ်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၄၅ မိနစ်ခန့်အကြာတွင် ပိမိနေသော အမျိုးသားအား အသက်ရှင်လျက် ကယ်ထုတ်ပေးနိုင်ခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။

အောင်လံမြို့ စစ်ဆေးရေးဂိတ်တွင် လမ်းသွားလမ်းလာကားများကို တားဆီးပြီး အမျိုးသား ၃၀ ကျော်ဖမ်းဆီးထားကြောင်းသတင်း မှားယွင်း

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့အရှေ့ဘက် စစ်ဆေးရေးဂိတ်တွင် ယနေ့နံနက် ၇ နာရီခန့်က လမ်းသွားလမ်းလာကားများကို တားဆီးစစ်ဆေးပြီး လူငယ်များကို ဖမ်းဆီးလျက်ရှိရာ အမျိုးသား ၃၀ ကျော် ဖမ်းဆီးခံထားရကြောင်း ကောလာဟလသတင်းအမှားများကို မဟုတ်မမှန်လုပ်ကြံရေးသားပြီး ပြည်သူများကြောက်ရွံ့ထိတ်လန့်စေရန် လူမှုကွန်ရက်ပေါ်တွင် ဝါဒဖြန့်ဝေနေသည်ကိုတွေ့ရှိရပြီး အဆိုပါ ကောလာဟလသတင်းသည် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများနှင့် အကြမ်းဖက်အားပေးမီဒီယာများက ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားခြင်းဖြစ်ကြောင်း၊ ၎င်းမြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များတွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်နေခြင်းသာရှိပြီး၊ တရားမဝင် ပြည်ဖျက်မီဒီယာများတွင် ရေးသားဖော်ပြနေသည့် လူငယ်များကို ဖမ်းဆီးထားသည်ဆို သည့်သတင်းများမှာ မှန်ကန်မှုမရှိကြောင်း သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က ဖြေရှင်းထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *