MT_News

Social Media Platform များပေါ်တွင် ထုတ်ပြန်သည့် သတင်းများကို ကန့်သတ်ခြင်း၊ ဖြုတ်ချခြင်းစသည်ဖြင့် နည်းပညာအားကိုးကာ အနိုင်ကျင့်ဆောင်ရွက်လျက်ရှိသည်ကို ကြုံတွေ့ နေရသည့်အတွက် YouTube ကဲ့သို့ အသုံးပြုနိုင်သော Mtube Live Streaming Platform တစ်ခုကို တီထွင်ဆောင်ရွက်နေကြောင်း နစက၏ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားသည်။

အဆိုပါ ပြောကြားမှုကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား United Info-Sec ကုမ္ပဏီမှ ဒါရိုက်တာ ဦးကျော်စွာမင်းနှင့်အဖွဲ့ စက်တင်ဘာ ၁ ရက်တွင်လာရောက်တွေ့ဆုံပြီး Mtube Video Sharing and Live Streaming Platform နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအား Channel များ တိုးချဲ့ထုတ်လွှင့်နေသကဲ့သို့ အွန်လိုင်း အသုံးပြု၍လည်း မီဒီယာလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လျက်ရှိပြီး မီဒီယာသည် ကဏ္ဍတိုင်းတွင် လွန်စွာအရေးကြီးသဖြင့် သတင်းထုတ်ပြန်ရေးလုပ်ငန်းများအတွက် MRTV Application ကို ရေးဆွဲဆောင်ရွက်ခဲ့သော်လည်း နည်းမျိုးစုံဖြင့် ဖြုတ်ချခံခဲ့ရသည့်အတွက် ပြည်သူများ၏ သတင်းအချက်အလက် သိရှိပိုင်ခွင့်ကို ဖျက်ဆီးလျက်ရှိသည်ဟု ဆိုနိုင်ကြောင်းနှင့် မည်သို့ပင် အခက်အခဲရှိသည်ဖြစ်စေ သတင်းမှားများတိုက်ဖျက်ရေးနှင့် သတင်းမှန်များ ထုတ်ပြန်ရေးအတွက် နည်းလမ်း ပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောဆိုသည်။

ယနေ့အချိန်တွင် Social Media Platform များပေါ်တွင် မိမိတို့ထုတ်ပြန်သည့် သတင်းများကို ကန့်သတ်ခြင်း၊ ဖြုတ်ချခြင်းစသည်ဖြင့် နည်းပညာအားကိုးကာ အနိုင်ကျင့်ဆောင်ရွက်လျက်ရှိသည်ကို ကြုံတွေ့ နေရသည့်အတွက် Youtube ကဲ့သို အသုံးပြု နိုင်သော Mtube Live Streaming Platform တစ်ခုကို ယခုကဲ့သို့ တီထွင်ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ ယနေ့အချိန်တွင် ပြည်ပမီဒီယာများ၊ ကျင့်ဝတ် သိက္ခာမဲ့သော မီဒီယာများက သတင်းမှားများ ထုတ်ပြန်၍ ပြည်သူများအား မှိုင်းတိုက်ဆောင်ရွက်နေသဖြင့် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် သတင်းမှားများ တိုက်ဖျက်ရေးကို နည်းမျိုးစုံဖြင့် ဆောင်ရွက်နေကြောင်း ဦးမောင်မောင်အုန်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် Facebook ကို ပိတ်ချ၍ လူမှုကွန်ရက်ပလက်ဖောင်းတစ်ခု အစားထိုးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားပြီးနောက် Mtube ကို ဆောင်ရွက်နေကြောင်း ဦးမောင်မောင်အုန်းက ထပ်ဆင့်ပြောကြားလာခြင်းဖြစ်သည်။ သို့သော် ပိတ်ပင်မည့် လူမှုကွန်ရက်ပလက်ဖောင်းမှာ အပြည့်အဝအောင်မြင်မှုမရသေးကြောင်းနှင့် ပတ်သက်၍လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကျွန်တော်တို့အနေနဲ့ ကန့်သတ်နိုင်ရေးလုပ်ဆောင်နေပါတယ်။ လုပ်ဆောင်တဲ့နေရာမှာ နှစ်နည်းနဲ့ လုပ်ဆောင်နေပါတယ်။ နံပါတ်တစ်အနေနဲ့က ကန့်သတ်လိုက်တဲ့အခါမှာ ကျော်လို့ခွလို့ရတဲ့နည်းလမ်းနဲ့ ကျော်နေတာ ရှိပါတယ်။ VPN ခံပြီးကျော်နေတာရှိပါတယ်။ သို့သော်လည်း ဒီဟာကို ဆက်လက်လုပ်ဆောင်နိုင်ခြင်းမရှိဖို့ သက်ဆိုင်ရာဌာနတွေနဲ့ ဆောင်ရွက်နေပါတယ်။ သို့သော် အပြည့်အဝ အောင်မြင်မှုတော့မရသေးပါဘူး” ဟု ပြောကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *