MT News

Written by Tha Doe

KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်အရ ငြိမ်းချမ်းရေးဖြစ်စဥ် ဦးဆောင်မှုအဖွဲ့ (Peace Process Steering Team- PPST) ၏ ဦးဆောင်နာယကအဖြစ်တာဝန်ယူရန်လက်ခံထားခြင်းအား ပြန်လည်ရုတ်သိမ်းကြောင်း နှုတ်ထွက်စာကို PPST အဖွဲ့ခေါင်းဆောင်နိုင်အောင်မင်းထံသို့ KNU ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ဩဂုတ် ၃၁ ရက် ရက်စွဲဖြင့် ပေးပို့ခဲ့ကြောင်း သိရသည်။

PPST ၏ ဦးဆောင်နာယကအဖြစ် တာဝန်လက်ခံရယူထားသည့် KNU ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးအနေဖြင့် လက်ခံရယူထားသည့်တာဝန်မှ နုတ်ထွက်ကြောင်း ပေးပိုသည့်စာတွင် ” PPST ၏ ဦးဆောင်နာယက အဖြစ်တာဝန်ယူရန် သဘောတူကြောင်း ကျွန်တော် မှ ၄/၈/၂၀၂၂ ရက်စွဲဖြင့် PPST သို့ စာပေးပိုခဲ့သလို PPST ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့၊ အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်း၏ ရည်ညွှန်းစာပါ အကြောင်းကြားစာ ကိုလည်း လက်ခံရရှိခဲ့ပါသည်။

ကျွန်တော်၏ ကိုယ်ပိုင်သဘောထားဆုံးဖြတ်ချက်ဖြင့် အဖွဲ့အစည်းကိုယ်စားမပြုဘဲ ပုဂ္ဂိုလ်အရ လွတ်လပ်စွာ ပါဝင်ရန် ပြန်ကြားစာပေးပို့ခဲ့သော်လည်း ၃၁/၈/၂၀၂၂ ရက်တွင်ကျင်းပသော KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးတွင် ကျွန်တော်သည် PPST ၏ ဦးဆောင်နာယက အဖြစ် တာဝန်မယူသင့်ကြောင်း ဆုံးဖြတ်ခဲ့ပါသည်။ KNU ၏ ဥက္ကဌတစ်ဦးဖြစ်သော ကျွန်တော်သည် ဒီမိုကရေစီစနစ်ကို လက်ခံယုံကြည်သူဖြစ်ပြီး KNU က ချမှတ်ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နည်းဥပဒေများကို တာဝန်ခံထိန်းသိမ်းရန်တာဝန်ရှိသည့် အလျောက် ပုဂ္ဂိုလ်ရေးအမြင်ထက် အဖွဲ့အစည်း၏ “မူ”၊ လမ်းစဉ်အား ဦးစားပေး ရှေ့ဆောင်မှုပြုရန် ရည်ရွယ်၍ PPST ၏ ဦးဆောင်နာယက အဖြစ်တာဝန်ယူရန် သဘောတူသည့် ပေးစာအား ပြန်လည် ရုတ်သိမ်းပါကြောင်း လေးစားစွာအကြောင်းပြန်အပ်ပါသည်” ဟု ဖော်ပြပါရှိခဲ့သည်။

PPST ကို ၂၀၁၇ ခုနှစ်က NCA ထိုးထားသည့် RCSS၊ KNU ၊ PNLO၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DK BA)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့ဖြင့် ဖွဲ့စည်းခဲ့ပြီး မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ပါဝင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *