April 29, 2024

MT News

Written by Nay Moe

ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည် နှစ်ဦးအကြား အမွေပိုင်ဆိုင်မှုအငြင်းပွားနေသည့် ခြံအမှတ် (၅၄) အား အမျိုးသားအဆင့် ယဥ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ကြောင်းနှင့် ရောင်းချခြင်း၊ ဖျက်ဆီးခြင်း တခြားနည်းအသုံးပြုခြင်းများကို အရေးယူမည်ဟု NUG ၏ ယာယီသမ္မတတာဝန်ယူထားသူ ဒူဝါလရှီးလက စက်တင်ဘာ ၂ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

ဒူဝါလရှီးလ၏ ထုတ်ပြန်ချက်တွင်

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၆၅)၏ အတည်ပြုချက်အရ အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့မှ ထုတ်ပြန်ထားသော ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ စံနှုန်းသတ်မှတ်ချက် အမှတ်စဉ် ၅၊ ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ (၂၀၁၉) ပါ ဥပဒေပုဒ်မ၂(က)၊ (ခ) တို့နှင့်အညီ အမှတ်(၅၄-၅၆)၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဗဟန်းမြိုနယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် တည်ရှိသော ခြံဝန်းဧရိယာ (၁.၉၂၃) ဧကနှင့် ယင်းမြေဧရိယာ (၁.၉၂၃) ဧကပေါ်တွင်ရှိသော ရွေ့ပြောင်း၍ မရသည့် အဆောက်အအုံ အားလုံးအား ကြားကာလ၏ အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်သည်။

၂။ အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားသော ယင်းမြေနှင့် အဆောက်အအုံနေရာအား မည်သူမဆို ပိုင်ဆိုင်ခြင်း၊ ပိုင်ဆိုင်ရန်ကြိုးစားခြင်း၊ ရောင်းချခြင်း၊ ရောင်းချရန်ကြိုးစားခြင်း၊ ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန်ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း၊ အခြားနည်း အသုံးချခြင်းများအား တင်းကြပ်စွာ တားမြစ်သည်။

၃။ အပိုဒ်-၂ ပါ တားမြစ်ချက်များအပေါ် ဖောက်ဖျက်ကျူးလွန်ပါက ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ (၂၀၁၉)၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းများ လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ (၁၉၈၇) တို့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့နှင့်အညီ အရေးယူ ဆောင်ရွက်သွားမည့်အပြင် အဆိုပါ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းအား အမည်မည်းစာရင်း (Black List) ထည့်သွင်းသွားမည်ဖြစ်သည် ဟု ကြေညာဖော်ပြထားသည်။

အနှစ် ၂၀ ကျော်ကြာ အမွေလုနေကြသည့် ဗိုလ်ချုပ်အောင်ဆန်း၏ သားကြီးဖြစ်သော ဦးအောင်ဆန်းဦးနှင့် သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည်တို့အကြား အငြင်းပွားနေသည့် ခြံအမှတ် (၅၄) နှင့် ပတ်သက်ပြီး ခြံအမှတ်(၅၄) အမွေဆိုင်ခွဲဝေမှုနဲ့ ပတ်သက်ပြီး ဦးအောင်ဆန်းဦး၏ အထူးအယူခံလျှောက်ထားမှုကို တောင်းဆိုချက်အတိုင်း ခွင့်ပြုကြောင်း ပြည်ထောင်စုတရားလွှတ်တော်က ဩဂုတ် ၂၂ ရက်တွင် စီရင်ချက်ချမှတ်ခဲ့ပြီး အဆိုပါ စီရင်ချက်အရ ခြံအမှတ် (၅၄) ကို လေလံတင်ရောင်းချကာ ရရှိသည့်ငွေကြေးကို အညီအမျှ ခွဲဝေရန် အခြေအနေဖြစ်ပေါ်လာနေသည်ဟုလည်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *