April 29, 2024

MT News

အမျိုးသမီးငယ်တစ်ဦးအား အမျိုးသားသုံးဦးက လည်ပင်းကို ဓားဖြင့်လှီး၍ ဓားဖြင့်အချက် ၂၀ ခန့် ထိုးကာ ရက်စက်စွာသတ်ဖြတ်နေသည့် မူဗီဖိုင်တစ်ခု စက်တင်ဘာ ၁ ရက်တွင် တယ်လီဂရန်မှ စတင်ပျံ့နှံလာခဲ့ပြီး အဆိုပါ မူဗီဖိုင်တွင် သတ်ဖြတ်ခံရသည့် အမျိုးသမီးငယ်မှာ ဂန့်ဂေါမြို့နယ် မင်းရွာမှ ကျောင်းဆရာမ ဒေါ်ယမင်းအေးဖြစ်ကာ ရက်စက်စွာသတ်ဖြတ်နေသူများမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ဂန့်ဂေါမြို့နယ် (CDF-KKG Battlion-5 Gangaw Region) မှ PDF များဖြစ်ကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ် မင်းရွာမှ ကျောင်းဆရာမ ဒေါ်ယမင်းအေးအား ဂန့်ဂေါမြို့နယ် PDF များက ရက်စက်စွာသတ်ဖြတ်ခဲ့သည့် အဆိုပါ မူဗီဖိုင်မှာ ၁ မိနစ်ကြာမြင့်သည့် မူဗီဖိုင်ဖြစ်ပြီး ဒေါ်ယမင်းအေးအား ” ဒလန်လား”ဟု PDF တစ်ဦး၏ မေးမြန်းမှုအား “ဒလန်မဟုတ်ပါကြောင်း” ဒေါ်ယမင်းအေးက ငြင်းဆိုနေစဥ်မှာပင် PDF တစ်ဦးက ဒေါ်ယမင်းအေး၏ လည်ပင်းအား လှီးဖြတ်ကာ အခြား PDF တစ်ဦးက ဝမ်းဗိုက်သို့ ဓားဖြင့် ၁၀ ချက်ခန့် ထိုးစိုက်သတ်ဖြတ်ခဲ့သည်။ ထိုသို့ ရက်စက်စွာ သတ်ဖြတ်နေသော်လည်း ဒေါ်ယမင်းအေးမှာ ရုန်းကန်လျက်ရှိနေသဖြင့် အခြားသော PDF တစ်ဦးက ဓားကိုယူကာ ဆယ်ချက်ခန့် ထပ်မံထိုးသတ်ခဲ့သည်။ ထိုသို့ ရက်စက်စွာ ထိုးသတ်နေချိန်တွင်လည်း သတ်ဖြတ်သူများက ” ဒလန်ကို သေချာကြည့်၊ ဒါမျိုးလုပ်လို့ကတော့ ဒါမျိုးသေမယ်မှတ်” ဟု ကြုံးဝါးခဲ့သည်။

ဂန့်ဂေါမြို့နယ် မင်းရွာမှ ကျောင်းဆရာမနှစ်ဦးအား ဒလန်လုပ်မှုဖြင့် သုတ်သင်လိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -(ဂန့်ဂေါ) က ယင်းတို့အသုံးပြုနေသည့် CDF-KKG Battlion-5 Gangaw Region Facebook Page မှတစ်ဆင့် ဩဂုတ် ၂၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ထိုသို့ သတင်းထုတ်ပြန်မှုကို Than Lwin Times သတင်း Page မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ဂန့်ဂေါမြို့နယ်တပ်ဖွဲ့ဝင်တစ်ဦးကို သတင်းမေးမြန်းဖော်ပြရာတွင် ဂန့်ဂေါ PDF က သတ်ဖြတ်ခဲ့သည့် အမျိုးသမီးနှစ်ဦးမှာ မကွေးတိုင်း ဂန့်ဂေါမြို့နယ် မင်းရွာမှ မူလတန်းကျောင်းအုပ် ဒေါ်စန်းစန်းမြင့်နှင့် ဆရာမဒေါ်ယမင်းအေးတို့ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ ထို့ပြင် ဆရာမတစ်ဦးမှာ သတ်ဖြတ်သည့် PDF တချို့အား စာသင်ကြားပေးခဲ့သူဖြစ်ကြောင်းလည်း ဂန့်ဂေါမြို့နယ် PDF တပ်ဖွဲ့ဝင်က ဖြေကြားခဲ့မှုကို Than Lwin Times သတင်း Page က ကိုးကားဖော်ပြခဲ့သည်။

ကျောင်းဆရာမနှစ်ဦးကို သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်၍ CDF-KKG Battalion- 5 Gangaw Facebook Pageတွင် သတင်းထုတ်ပြန်ခဲ့ရာ၌ ”(18.8.2022) ရက်နေ့တွင် ဂန့်ဂေါမြို့နယ် မင်းရွာမှ ဒလန်ကျောင်းဆရာမနှစ်ဦးအား ရှင်းလင်းပြီးဖြစ်ကြောင်းကိစ္စ နှင့်ပတ်သတ်၍ ထုတ်ပြန်ခြင်းဖြစ်သည်။ အဖွဲ့အစည်းများ၏ ဒလန်စာရင်းအရ၊ ပြည်သူလူထု၏သတင်းပေးချက်အရ နေအိမ်သို့သွားရောက်ဖမ်းဆီးခဲ့သည်။ ၎င်းတို့နှစ်ဦးနှင့် ဒလန်အုပ်စုသည် မင်းအောင်လှိုင်ဆုတောင်းပွဲများ ပြုလုပ်ခဲ့သည်။ မြစ်သာဆည်ပေါ် ရိပ်သာကုန်းသို့ Fighter လေးစီးဖြင့် ပစ်ခတ်ရာတွင် “ PDF တွေသေပီ “ဟုဆိုကာ Sound Box ဖွင့်၍ ကခုန်နေခဲ့ကြသည်။

YDF တွေ မင်းရွာစခန်းသို့ ဝင်ရောက်စီးနင်းရာတွင် သိသိချင်း စခန်းတွင်းသို့ ကြိုတင်သတင်းပေးခဲ့သည်ဟု ဝန်ခံထွက်ဆိုခဲ့သည်။ MRTV တွင် ဝန်ထမ်းဖြစ်နေသော ညီမဖြစ်သူထံသို့ ယောနယ်တွင်ဖြစ်ပျက်နေသည်များကို နေ့စဉ်ဖုန်းဆက်၍ သတင်းပို့ပေးသည်ဟု ဝန်ခံထွက်ဆိုခဲ့သည်။ စစ်ကောင်စီကို အပြည့်အဝထောက်ခံကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။ ဒလန်အပေါင်းအပါများအား ထုတ်ဖော်ပြောဆိုသွားခဲ့သည်။ ဒေသခံပြည်သူလူထု၊ ဒေသခံအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စကစ လက်ပါးစေ ဒလန်၊ ပျူစောထီးများအား ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု သတိပေးအပ်ပါသည်။ CDF-KKG တပ်ရင်း (၅) သတင်းနှင့်ပြန်ကြားရေး” ဟု ထုတ်ပြန်ခဲ့သည်။

ဂန့်ဂေါ PDF များက သတ်ဖြတ်လိုက်သည့် မူလတန်းကျောင်းအုပ် ဒေါ်စန်းစန်မြင့်နှင့် ဒေါ်ယမင်းအေးတို့ နှစ်ဦးမှာ အမျိုးတော်စပ်သူများဖြစ်ပြီး ဒေါ်စန်းစန်းမြင့်မှာ ဂန့်ဂေါ PDF များ ရက်စက်စွာသတ်ဖြတ်ခဲ့သည့် မူဗီဖိုင်မှ ဆရာမ ဒေါ်ယမင်းအေး၏ အဒေါ်တော်စပ်သူဖြစ်ကြောင်း MT News ၏ စုံစမ်းမှုအရ စက်တင်ဘာ ၂ ရက်တွင် သိရသည်။

”ကျောင်းအုပ်ဆရာမ ဒေါ်စန်းစန်းမြင့်နဲ့ ဆရာမဒေါ်ယမင်းအေးက တူအရီးတော်တယ်။ နှစ်ယောက်လုံးက သူလျှိုဒလန်ဆိုပြီး အသတ်ခံရတာလို့ ဒေါ်စန်းစန်းမြင့်တို့ အသတ်ခံရတဲ့အကြောင်း သိသူက ပြောပါတယ်။ တချို့အရာတွေကို အပြည့်အစုံပြောရင် ကျန်ရစ်တဲ့မိသားစုတွေပါ အသတ်ခံရနိုင်လို့ မပြောရဲကြတာ” ဟု ဒေသခံတစ်ဦးက MT News ၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *