April 28, 2024

MT News

Written By Tha Doe

နိုင်ငံခြား ငွေကြေးစျေးကွက်အတွင်း စျေးကစားနေသူများအား စစ်ဆေး ဖမ်းဆီးနေမှုကြောင့် ရန်ကုန်ရှိ မှောင်ခိုစျေးကွက်မှ နိုင်ငံခြားငွေဝယ်ရောင်းသမားများ တိမ်းရှောင်နေသည့်အပြင် ဩဂုတ် ၃၁ ရက်က အဆမတန် မြင့်တက်ခဲ့သည့် ရွှေစျေး၊ ဒေါ်လာစျေးနှင့် စက်သုံးဆီစျေးနှုန်းများ စျေးနှုန်းကျဆင်းမှုများပြားခဲ့ကြောင်း စက်တင်ဘာ ၁ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် စျေးနှုန်းများအရ သိရသည်။

”ရန်ကုန်က လူတွေကတော့ တိမ်းရှောင်နေကြတာပေါ့။ သူ့ထဲကတော့ ဖမ်းမိတာမရှိဘူး” ဟု နိုင်ငံခြားငွေကြေးစျေးကွက်စောင့်ကြည့်သူတစ်ဦးကဆိုသည်။ ဩဂုတ် ၃၁ ရက်တွင် နိုင်ငံခြားငွေလဲစျေးကွက်၌ တစ်ဒေါ်လာ ကျပ် ၄၃၀၀ အထိ မြင့်တက်ခဲ့ပြီး စက်တင်ဘာ ၁ ရက် နေ့လည်အချိန်အထိမူ ကျပ် ၃၅၀၀ ဝန်းကျင်အထိ စျေးနှုန်းကျဆင်းမှု ဖြစ်ပေါ်ခဲ့ကြောင်း နိုင်ငံခြားငွေကြေးစျေးကွက်အတွင်းမှ သိရသည်။

ရန်ကုန်ရှိ နိုင်ငံခြားငွေအား တရားမဝင် အရောင်းအဝယ်ပြုလုပ်နေသူများကို ဖမ်းဆီးရမိမှုမရှိသော်လည်း မြဝတီရှိ ဟွန်ဒီငွေလဲလုပ်ငန်းလုပ်ကိုင်သူ တချို့ကိုမူ ဖမ်းဆီးရမိမှုရှိကြောင်း သိရသည်။ ” မြဝတီဘက်မှာက ဘတ်ခုံတွေပေါ့။ လက်ကြီးသမားက ခြောက်ဦးလောက်ရှိတယ်။ သူတို့ထဲက တချို့ခေါ်စစ် တချို့ကလည်း သတင်းကြိုရလို့ ရှောင်ကျတာ။ အဲဒီလိုဖြစ်သွားတော့ ဘတ်စျေးကတော့ နည်းနည်းကျသွားတာပေါ့” ဟု မြဝတီ-မန္တလေးကုန်သည်တစ်ဦးက ဆိုသည်။

စက်သုံးဆီစျေးကြီးမြင့်မှုကြောင့် အခြေခံစားသုံးကုန်များ စျေးနှုန်းကြီးမြင့်မှုကို သက်သာစေရန် နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်မှတစ်ဆင့် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် ထောက်ပံ့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဩဂုတ် ၃၁ ရက်တွင် ကြေညာခဲ့မှုနှင့် ရွှေနှင့် ဒေါ်လာစျေးကစားသူများအား လိုက်လံဖမ်းဆီးနေကြောင်း သတင်းများထွက်ပေါ်ခဲ့မှုကြောင့် စက်တင်ဘာ ၁ ရက်တွင် စက်သုံးဆီစျေးများမှာလည်း တစ်လီတာ ကျပ် ၂၀၀ ကျော် ပြုတ်ကျခဲ့သကဲ့သို ရွှေစျေးမှာလည်း အဖွင့်စျေးတွင် ကျပ် ၃၂ သိန်းခန့်ဖြင့်သာ အရောင်းဖွင့်ခဲ့ကြောင်း သိရသည်။ အခေါက်ရွှေစျေးတွင် စက်တင်ဘာ ၁ ရက် နေ့လည်စျေးကွက်၌ ရောင်းစျေး ကျပ်သိန်း ၃၀ နှင့် ဝယ်စျေး ကျပ် ၂၈ သိန်းခန့် သာဖြစ်ပေါ်ခဲ့သည်။

”မနေ့က စျေးတန်းအမြင့်ဆုံး ၃၈ သိန်းအထိရောက်ခဲ့တာရှိတယ်။ အခုကတော့ တစ်ကျပ်သား သိန်း ၃၀ ဝန်းကျင်ဆိုတော့ ရှစ်သိန်းလောက်ဆင်းသွားတယ်။ လက်ရှိမှာတော့ စျေးကဆက်ဆင်းနေသေးတယ်။ ဘာဆက်ဖြစ်မလဲတော့ မပြောတတ်ဘူး။ မြန်မာနိုင်ငံမှာက ပြုံဝယ်၊ ပြုံရောင်း၊ ပြုံဆင်းဆိုတော့” ဟု ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News