April 28, 2024

MT News

ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဆောင်ရွက်ရာတွင် ယုံကြည်မှုတည်ဆောက်နိုင်ရန် လက်တွေ့လုပ်ဆောင်ဖို့လိုအပ်ကြောင်းနှင့် သူ့မူကိုယ့်မူ အလျှော့အတင်းလုပ်ညှိနှိုင်းရန်လိုအပ်ကြောင်း RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရွက်ဆစ်က ဩဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ကျင်းပသည့် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ နိဂုံးချုပ်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

”ဒီ သုံးရက်တာ တွေ့ဆုံဆွေးနွေးရာမှာ လက်ရှိနိုင်ငံရေး အထွေထွေအကျပ်အတည်း ဖြေရှင်းရေးအတွက် RCSS ရဲ့ ငြိမ်းချမ်းရေး လမ်းပြမြေပုံ၊ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ RCSS ရဲ့ ဖက်ဒရယ်အခြေခံမူများ၊ ယုံကြည်မှု တည်ဆောက်ရေး ဆိုင်ရာလုပ်ငန်းများ၊ ဒေသခံ ပြည်သူလူထုအတွက် ဖွံ့ဖြိုးရေး လုပ်ငန်းများကို မိမိတို့ ကိုယ်စားလှယ်အဖွဲ့က ဆွေးနွေးခဲ့သလို နိုင်ငံတော် ငြိမ်းချမ်းရေး ဆွေးနွေးရေးအက ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေပါ ဇယား (၁) ပြည်ထောင်စု ဥပဒေပြုစာရင်း၊ ဇယား (၂) ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး ဥပဒေပြုစာရင်း၊ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁) (၂)နှင့် (၃)ပါ သဘောတူညီချက်များအား ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့် ကိုက်ညီမှုရှိမရှိ လေ့လာသုံးသပ်ချက်များ၊ ၂၀၂၀ အလွန် အကောင်အထည်ဖော်မှုများကို ဆွေးနွေးခဲ့ပါတယ်။ အဆင့်လိုက်လုပ်ငန်းစဉ်များနဲ့ အဆင့်လိုက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာမှာ ယုံကြည်မှုတည်ဆောက်ခြင်းဟာ အဓိက ကျပါတယ်။ ယုံကြည်မှုတည်ဆောက်နိုင်ရေးအတွက် နှစ်ဦးနှစ်ဖက်က လက်တွေ့လုပ်ဆောင်ပြရမှာ ဖြစ်ပါတယ်။ ဆွေးနွေးညှိနှိုင်းတဲ့နေရာမှာလည်း သူ့မူကိုယ့်မူကို အလျှော့အတင်းလုပ်ပြီး ညှိနှိုင်းမှသာ ကောင်းမွန်တဲ့ ရလဒ်နှစ်ဦးနှစ်ဖက်အတွက် Win Win Solution ဖြစ်မှာ ဖြစ်ပါတယ်။ ဆွေးနွေးညှိနှိုင်းရာမှာ တရားဝင်ပွဲတွေ ကျင်းပသလို အလွတ်သဘောပွဲတွေကိုလည်း မကြာခဏလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဆွေးနွေးပွဲရဲ့ အခင်းအကျင်းကိုလည်း နှစ်ဦးနှစ်ဖက်အတွက် အဆင်ပြေတဲ့ အခင်းအကျင်းမျိုး ဖြစ်အောင်လည်း နှစ်ဖက်ညှိနှိုင်းပြီး စီစဉ်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ မိမိတို့ လိုချင်တဲ့ ရလဒ်မျိုးရရှိအောင် စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ သူ့ဖက်ကိုယ့်ဖက် မျှမျှတတ ဖြစ်စေဖို့လည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်” ဟု ဗိုလ်ချုပ်ကြီးရွက်ဆစ်က စက်တင်ဘာ ၁ ရက်တွင် ပြောကြားသည်။

ထို့ပြင် နှစ်ဦးနှစ်ဖက်၏ အဆိုပြုချက်များကို အသီးသီး ယူသွားပြီးနောက် နောင်တစ်ချိန်တွင် ထပ်မံဆွေးနွေးနိုင်ရန် သေချာပြင်ဆင်ထားရန် လိုအပ်ကြောင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်စည်းတည်းနှင့် ဆောင်ရွက်၍ မရနိုင်သောကြောင့် ပါဝင်သင့်သည့်အဖွဲ့အစည်းများ များများပါဝင်လာနိုင်ရေးကိုလည်း မိမိတို့စီစဉ်ဖန်တီးပေးရန်လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီးရွက်ဆစ်က ဆက်လက် ပြောကြားသည်။

https://t.me/MT_News_Media/6

Leave a Reply

Your email address will not be published. Required fields are marked *