
၁၂.၂.၂၀၂၅
Written by Shwe Phyo
မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ BGF ခေါင်းဆောင်ဖြစ်သူ ဗိုလ်မှူးကြီး စောချစ်သူသည် ထိုင်းနိုင်ငံကို ဝင်ရောက်မည်ဆိုလျှင် ဖမ်းဆီးခံရမည်ဖြစ်ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ်ဖြစ်သလိုထိုင်းကာကွယ်ရေးဝန်ကြီးဖြစ်သည့် ဝီချယာချိုင်းက ထုတ်ဖော်ပြောဆိုလိုက်သည်။
ထိုင်း အထူးစုံစမ်းစစ်ဆေးရေးဌာန DSI သည် ဗိုလ်မှူးကြီး စောချစ်သူနှင့် ၎င်း၏လက်ထောက်နှစ်ဦးကို လူကုန်ကူးမှုစွဲချက်တင်ကာ ဖမ်းဝရမ်းထုတ်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်းသိရသည်။ ထိုင်းအာဏာပိုင်များအနေဖြင့် ဗိုလ်မှူးကြီးစောချစ်သူကို ဖမ်းဆီးရန် နယ်စပ်ဒေသကိုဖြတ်သန်းမည်မဟုတ်ကြောင်း၊ ဖမ်းဆီးမှုများလုပ်ဆောင်ရန်အတွက် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ဝင်ရောက်လာခြင်းကို စောင့်ဆိုင်းရမည်ဖြစ်ကြောင်း ထိုင်း ကာကွယ်ရေးဝန်ကြီးကပြောသည်။
ထိုင်းကာကွယ်ရေးဝန်ကြီးက ဗိုလ်မှူးကြီး စောချစ်သူနှင့် ၎င်း၏လက်ထောက်နှစ်ဦးသည် လူကုန်ကူးမှုများ ကျူးလွန်ရန်အတွက် ထိုင်းနိုင်ငံကို ကြားခံလမ်းကြောင်းအဖြစ် အသုံးပြုခဲ့ကြောင်း ပြောသည်။ ထိုင်းDSI သည် မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင်သုံးဦးကို ဖမ်းဝရမ်းထုတ်ရန်အတွက် ထိုင်း ရှေ့နေချုပ်ရုံးနှင့် တိုင်ပင်နေကြောင်း သိရသည်။
ညထိုင်းတရားရုံးက ဖမ်းဝရမ်းကို ခွင့်ပြုချက်ပေးမည်ဆိုလျှင် ထိုင်းအာဏာပိုင်များသည် နယ်ခြားစောင့်တပ်ဖွဲ့ခေါင်းဆောင်ကို ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခြင်းရှိမရှိဆိုသောအချက်ကို စောင့်ကြည့်သွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းသို့ ၎င်း ဝင်ရောက်လာမည်ဆိုလျှင် ဖမ်းဆီးမည်ဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးကပြောသည်။
ဗိုလ်မှူးကြီးစောချစ်သူကို ဖမ်းဆီးရန်အတွက် မြန်မာနိုင်ငံပိုင်နက်ကို ချိုးဖောက်မည်မဟုတ်ကြောင်း၊ သို့သော်လည်း ဗိုလ်မှူးကြီးစောချစ်သူသည် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ၎င်း၏အိမ်ကို လာရောက်မည်ဆိုလျှင် ဖမ်းဆီးခံရမည်ဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးက ထပ်မံပြောဆိုထားသည်။
မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်းအသုံးပြုကာလိမ်လည်မှုများကျူးလွန်နေသော ဂိုဏ်းများနှင့်ဆက်နွယ်နေသည့် ထိုင်းရဲတပ်ဖွဲ့အရာရှိငါးဦးကိုလည်း လက်ရှိအချိန်တွင် ၎င်းတို့တာဝန်များကို လွှဲပြောင်းထားကြောင်း ထိုင်းအခြေစိုက်မီဒီယာများက ဖော်ပြထားသည်။
Ref, Thainews
