
၁၂.၂.၂၀၂၅.
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အင်အားကြီးနိုင်ငံရေးပါတီဖြစ်တဲ့ BNP က နိုင်ငံအတွင်း မတည်ငြိမ်ဆူပူမှုတွေ ပိုမို များပြားလာပြီး လုံခြုံရေးအခြေအနေ ပြိုကွဲကျဆင်းမှုတွေ ဖြစ်ခဲ့ရအပြီးမှာတော့ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရကို ဖေဖော်ဝါရီလ ၁၀ ရက်က လူသိရှင်ကြား ဝေဖန်ပြောကြားမှု ပြုလုပ်ခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၈ ရက်ကစလို့ နိုင်ငံတစ်ဝန်းဆူပူမှုတွေမှာ ရဲအဖွဲ့က လူ ၁,၅၀၀ ကျော်ဖမ်းဆီးခဲ့ပါတယ်။ ရဲတပ်ဖွဲ့က Devil Hunt စစ်ဆင်ရေးအမည်နဲ့ဆောင်ရွက်ခဲ့ရာမှာ ပြုတ်ကျသွားခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာနဲ့ ဆက်စပ်နေတဲ့ အဖွဲ့တွေကိုပစ်မှတ်ထားဆောင်ရွက်ခဲ့တာပါ။

BNP ပါတီအတွင်းရေးမှူးချုပ် မာဇာ ဖက်ခရူးလ် အစ္စလမ် အလမ်ဂါက ဖေဖော်ဝါရီလ ၁၀ ရက် ညပိုင်းမှာ ကြားဖြတ်အစိုးရခေါင်းဆောင် ယူနတ်စ်နဲ့ တွေ့ဆုံပြီး တစ်နိုင်ငံလုံးမတည်မငြိမ်ဖြစ်လာမှုတွေအတွက် စိုးရိမ်မိတယ်ဆိုတာ ပြောခဲ့ပါတယ်။
ဆန္ဒပြသမားတွေက ဒီရက်တွေအတွင်း ဆန္ဒပြမှုတွေမှာ ဟာစီနာရဲ့ မိသားစုနဲ့ ဆက်စပ်နေတဲ့အိမ်တွေကို မြေတူးစက်ယန္တရားကြီးတွေသုံးပြီး ဖြိုချတာတွေ လုပ်ခဲ့ပါတယ်။ ဒီမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ ပထမဆုံး သမ္မတဖြစ်တဲ့ ရှိတ်ဟာစီနာရဲ့ ဖခင်ဖြစ်သူအထိမ်းအမှတ်ပြတိုက်လည်း ဖေဖော်ဝါရီလ ၅ ရက်က ဖြိုချခံခဲ့ရပါတယ်။ ဆန္ဒပြသမားတွေက ပြတိုက်အဆောက်အအုံကိုမီးရှို့နေချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေက အနီးမှာရပ်နေခဲ့ကြတာပါ။

အလမ်ဂါက “ဒီဆူပူမှုတွေအားလုံးက ဥပဒေစိုးမိုးမှုထိန်းသိမ်းရေးအဖွဲ့တွေရှေ့တွင်ဖြစ်သွားကြတာပါ။ ဒီတော့အစိုးရအနေနဲ့ ဒါတွေအတွက် တာဝန်ရှိမှုကို ရှောင်လွဲလို့မရပါဘူး”လို့ ပြောခဲ့ပါတယ်။
အသက် ၇၇ နှစ်ရှိ ဟာဆီနာက တရားရုံးမှဖမ်းဝရမ်းထုတ်မှုကို အာခံပြီး အိန္ဒိယနိုင်ငံသို့ထွက်ပြေး ရောက်ရှိနေစဉ် အသံလွှင့်ပြောကြားချက်တစ်ခု လွှင့်ထုတ်ခဲ့အပြီးမှာ ခုလိုဆူပူမှုတွေဖြစ်လာတာပါ။ အဆိုပါမတည်ငြိမ်မှုတွေအတွင်း ဟာဆီနာကို ဆန့်ကျင်သူတွေနဲ့ ဟာဆီနာရဲ့ အဝါမီပါတီအဖွဲ့ဝင်တွေ တိုက်ခိုက်ခဲ့ကြပါသေးတယ်။
အသက် ၈၄ နှစ်ရှိ ယူနတ်စ်ကတော့ ဟာဆီနာပြုတ်ကျအပြီး လက်စားချေမှုတွေမလုပ်ကြဖို့ သတိပေးခဲ့ပါတယ်။
Ref- CNA
