၁၅. ၁. ၂၀၂၃
Written by Phyo Wei

အလွဲသုံးစားမှုတွေ အဂတိမှုတွေနဲ့ ဝေဖန်သံလာတဲ့ NUG ဟာ ပြည်ပမှာ သူတို့ဘဝရပ်တည်ရေးနဲ့ PDF တွေကို ထောက်ပို့နိုင်ရေး မိုးကုတ်က ကျောက်တူးခွင့်တွေ မြေရောင်းမှုတွေနဲ့ ဆွဲဆောင်လာတဲ့ ဒီရက်သတ္တပတ်မှာ စက်သုံးဆီစျေးတွေကလည်း မြင့်တက်လာပါတယ်။ တစ်ဖက်မှာလည်း ထိုင်းနဲ့တရုတ်နယ်စပ်က ကုန်သွယ်မှုလမ်းကြောင်းတွေ အပြန်အလှန်သွားလာလည်ပတ်မှုလမ်းကြောင်းပြန်ဖွင့်ခဲ့တာကြောင့် နယ်စပ်လမ်းကြောင်း မှီတည်အသက်ရှင်နေတဲ့ပြည်သူတွေ အသက်ရှူချောင်ခဲ့ရတဲ့ ဒီရက်သတ္တပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ ပိုငွေရဖို့ မျှော်ပေမဲ့ ပိုမလာတဲ့ ကုန်သွယ်မှုလိုငွေတွေအကြောင်း၊ ပဋိပက္ခတွေကြားထဲမှာ​တောင် မြန်မာနိုင်ငံကိုအာရုံစိုက်လာပြီး ကာကွယ်ဖို့၊ ကုန်သွယ်ဖို့ အဆင်သင့်ဖြစ်လာတဲ့ အိန္ဒိယနိုင်ငံနဲ့ အထွေထွေအကျပ်အတည်းကြားက အလွဲသုံးစား တော်လှန်ရေးကို စိတ်ပျက်လာတဲ့ ပြည်သူတွေရဲ့ အကြောင်းကို သုံးသပ်ချင်ပါတယ်။

ပိုငွေရဖို့ မျှော်ပေမဲ့ ပိုမလာတဲ့ ကုန်သွယ်မှုလိုငွေ

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ ပြည်ပကုန်သွယ်မှု ကုန်သွယ်ရေးပိုငွေ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ မျှော်မှန်းထားပေမဲ့လည်း ဘဏ္ဍာနှစ်ကုန်ဆုံးဖို့ သုံးလပဲ ကျန်ချိန်မှာ ကုန်သွယ်‌ရေးလိုငွေ ဒေါ်လာသန်း ၅၃၀ လောက်ဖြစ်လာနေပါတယ်။

နယ်စပ်ဒေသကုန်သွယ်ရေးလမ်းကြောင်းမှာ တိုက်ပွဲဖြစ်နေတာ၊ မြန်မာ့ပို့ကုန်တွေ ကန့်သတ်မှုကြုံနေရတာ၊ ပြည်တွင်းက ဖိအားတွေကြောင့် ပို့ကုန်တင်ပို့တဲ့ FDI ကုမ္ပဏီတွေ လုပ်ငန်းရပ်တာ၊ ကိုဗစ်ကြောင့် အဓိက ကုန်သွယ်ဖက်လမ်းတွေ ပိတ်နေတာကြောင့် ကုန်သွယ်မှုလိုငွေ မြင့်တက်လာတာဆိုပေမဲ့ မြန်မာနိုင်ငံလို အမြဲတမ်းပိုငွေမျှော်လင့်ပြီး လိုငွေပဲ ဒေါ်လာလေးငါးဘီလျံပြနေတတ်တဲ့ နိုင်ငံအတွက်တော့ ဒီကာလကြီးမှာ လိုငွေပြတာ မဆန်းပါဘူးပြောရမှာပါ။ တစ်ဖက်မှာလည်း ပြည်ပသွင်းကုန်ကိုပဲ မှီခိုနေရတဲ့နိုင်ငံတစ်ခုဟာ အရင်လေးငါးဘီလျံ လိုငွေကနေ တစ်ဘီလျံခွဲလောက်ပဲ လိုတော့တာက ပြည်သူတွေ ဝယ်ယူစားသုံးနိုင်မှုကျဆင်းလာတာက အဓိကလို့ တွေးစရာဖြစ်ပေမဲ့လည်း အဆိုးဆုံးစီးပွားရေးကျဆင်းမှုနဲ့ ကမ္ဘာပတ်လည်က ဖိအားပေးနေတဲ့အခြေအနေမှာ ခုသာခံသာရှိနေတာကပဲ တော်သေးတယ်လို့ ပြောရမလိုပါ။

ပဋိပက္ခတွေကြားက ကုန်သွယ်ဖို့အဆင်သင့်ဖြစ်လာတဲ့ အိန္ဒိယ

ပြည်တွင်းပဋိပက္ခတွေ မြင့်တက်လာနေသလို ကမ္ဘာကလည်း ဖိအားပေးနေချိန်ကျမှ အရင်တုန်းက မြန်မာကို သိပ်ပြီး အရာမသွင်းတဲ့ အိန္ဒိယဟာ အခုအချိန်မှာ မြန်မာနိုင်ငံကို အရမ်းစိတ်ဝင်တစားနဲ့ သူ့ကုလားတန်စီမံကိန်း ပိုအာရုံစိုက်လာတာတစ်ခုက ထူးဆန်းပါတယ်။

တရုတ်၊ ရုရှား၊ အိန္ဒိယဆိုတဲ့ ကမ္ဘာ့လူဦးရေ ၄၀ ရာခိုင်နှုန်းလောက်ရှိတဲ့ နိုင်ငံကြီးတွေဟာ အမေရိကန်နဲ့ အနောက်အုပ်စုတွေရဲ့ဩဇာလွှမ်းမိုးမှုကို အဆုံးသတ်ဖို့နဲ့ သူတို့နိုင်ငံတွေ စစ်တလင်းမဖြစ်ဖို့ ကြားနေနိုင်ငံရှာပြီး စစ်ရေးအခင်းအကျင်းသစ်အဖြစ် Buffer Zone မှာ တိုက်ပွဲဆင်နွှဲချင်လို့များ အာရုံစိုက်နေတာလား တွေးစရာပေမဲ့ ဒီနိုင်ငံကြီးတွေရဲ့စိတ်ဝင်စားမှုကြောင့်ပဲ မြန်မာ့မြေကို ခွဲထုတ်ချင်နေတဲ့ အမေရိကန်နဲ့အ​နောက်အုပ်စုရဲ့ ပစ်မှတ်မအောင်မြင်နိုင်သလိုအခြေအနေတော့ မြင်ရတယ်ဆိုရမှာပါ။ တစ်ဖက်မှာလည်း မြန်မာနိုင်ငံကို ဖိအားပေးချင်နေတဲ့ အာဆီယံ၊ အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ်တို့ဟာ အာရှရဲ့ အချက်အခြာနေရာတစ်ခုကို အကြီးအကျယ်ဖိအားပေးဖို့ ပိုပိုချိန်ဆလာပြီး ရွေးကောက်ပွဲဖြစ်တာနဲ့ သူတို့မူငါးချက်အောင်မြင်ပြီဆိုတဲ့ လမ်းပေါ်ရွေ့လာတာတော့ သဘောကျစရာပါ။

အထွေထွေအကျပ်အတည်းကြားက အလွဲသုံးစား တော်လှန်ရေးကို စိတ်ပျက်လာတဲ့ ပြည်သူ

“ဒီနေ့ ပစ္စုပ္ပန်ကာလမှာ စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒုက္ခသည် ဦးရေကလည်း ပြည်တွင်းမှာရော နယ်စပ်ဒေသတွေမှာပါ အင်မတန် များပြားလာနေတာတွေ့ရပါတယ်။ တစ်ရက် တစ်ရက် ပြည်ပနိုင်ငံအသီးသီးကို ရရာ လမ်းကြောင်းကနေ ရွှေ့ပြောင်းနေတဲ့ ပြည်သူလူထု အရေအတွက်ကလည်း မနည်းတော့ပါဘူး။ ကျွန်တော်တို့ NUG အစိုးရအနေနဲ့လည်း လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်တဲ့နေရာမှာ အကန့်အသတ်တွေရှိနေဆဲ ဖြစ်တာတွေ့ရပါတယ်။ လူထုရဲ့ ခံစားချက်ဟာ နွေဦးတော်လှန်ရေးရေချိန် အပြောင်းအလဲကို လွှမ်းမိုးသက်ရောက်နေပါတယ်။ ဒါ့ကြောင့် အထွေထွေ အကျပ်အတည်းဒဏ်ကို ခံစားနေရတဲ့ ပြည်သူလူထုဟာ နွေဦးတော်လှန်ရေးအပေါ် ဘယ်လိုသဘောထားမျိုးရှိသလဲဆိုတာကို အထူးပြု စောင့်ကြည့်လေ့လာဖို့လည်း တိုက်တွန်းချင်ပါတယ်”လို့ ဒူဝါလရှီးလက ဆိုပါတယ်။

ဒီစကားကိုတော့ အထွေထွေ အကျပ်အတည်းဒဏ်ကို ခံစားနေရတဲ့ ပြည်သူလူထုရဲ့ နွေဦးတော်လှန်ရေးအပေါ်သဘောထားကို အထူးပြု စောင့်ကြည့်လေ့လာဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောခဲ့တာပါ။

နွေဦးတော်လှန်ရေးမှာ လက်နက်ကိုင်တဲ့ အောက်ခြေ PDF တွေဟာ တစ်ချိန်တုန်းက တပ်မတော်သားတွေကို သူတို့လှောင်ခဲ့သလိုမျိုး “ငှက်ပျောအူမစားရရုံ” ခက်ခဲနေပေမဲ့ အထက်ကလူတွေကတော့ သောက်လိုက်စားလိုက် မယားငယ်ယူလိုက် အလှပြင်လိုက် ပြည်သူလှုတဲ့ငွေ သိန်းသောင်းချီ အစဖျောက်လိုက်နဲ့ပါ။ ဒါကိုလည်း ပြည်ပမှာ အလုပ်မလုပ်ဘဲ အေးချမ်းတင့်တယ်နေတဲ့ သူတို့ဘဝက သက်သေပြပါတယ်။

ဒီကာလတွေဆိုရင် Facebook ဟာ သူတို့ရဲ့ လွဲမှားနေတဲ့မူဝါဒကို ပြင်ဆင်ပြီး လူသ တ်ဖို့၊ ဗုံးခွဲဖို့ ငွေအလှူခံတဲ့ပို့စ်တွေကို Facebook သုံးသူဆီ မပြတော့တာ တွေ့ရသလို ပြည်သူတွေကလည်း အကြမ်းဖက်တိုက်ခိုက်သ ​တ်ဖြတ်ဖို့ ကြိုးစားပမ်းစားမလှုတောတာ တွေ့ရပါတယ်။ မှန်ပါတယ်။ ကိုယ် တစ်လလုံးကျွန်လိုလုပ်ထားပြီး ဖက်ဒရယ်ဒီမိုကရေစီအတွက် လှုတဲ့အလှုငွေဟာ သူတစ်ပါးသ တ်ဖြတ်ဖို့နဲ့ ဝန်ကြီးတွေမယားငယ်ယူ၊ အရက်သောက်၊ ဝန်ကြီးမနေရာယူထားသူတွေ အလှပြင်ဖို့ဖြစ်နေပြီး အောက်ခြေက ကလေးတွေက ငတ်ပြတ်ဒုက္ခရောက်နေမှတော့ ဘယ်သူကမှ မလှုချင်ကြတော့တာနဲ့ စစ်ပမ်းလာတဲ့ ခရီးရှည်မှာ ဒုက္ခခံလှုလည်း နေရာကောင်းယူထားသူတွေ ကြီးပွားရေးပဲလို့ ပြည်သူတွေးလာမှုတွေဟာ အထွေထွေကျပ်တည်းနေတဲ့ ပြည်သူ့သဘောထားအမှန်ပါပဲလို့ ဝေဖန်ရင်း ဒီတစ်ပတ်ရဲ့စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *