
၇.၂.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုအကြား ကုန်သွယ်ရေးမှာ ထိုင်းနိုင်ငံဘက်က အသာစီးရနေမှုကို လျှော့ချဖို့ ထိုင်းအစိုးရအနေနဲ့ အမေရိကန်မှ တင်သွင်းမှုတွေ ပိုမိုပြုလုပ်ပေးဖို့ ဖိအားပေးမှုခံလာရနိုင်တဲ့ အခြေအနေမှာပဲ ထိုင်းနိုင်ငံရဲ့ ကုန်ပစ္စည်းတင်ပို့သူတွေအဖို့လည်း အမေရိကန်အစိုးရရဲ့ ပိုမိုမြင့်မားတဲ့ ကုန်သွယ်စည်းကြပ်ခွန်တွေနဲ့ ရင်ဆိုင်လာရဖွယ်ရှိတယ်လို့ ထိုင်းနိုင်ငံမှ K-Research ခေါ် Think Tank ပညာရှင်တွေအဖွဲ့ အကြီးအကဲက ပြောခဲ့ပါတယ်။
K-Research ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူးနဲ့ စီးပွားရေးပညာရှင်ခေါင်းဆောင် ဘူရင်အဒူလ်ဝတ်တနာက နှစ်နိုင်ငံကြားကုန်သွယ်ရေးအပေါ် အမေရိကန်အစိုးရက စည်းကြပ်ခွန်တွေမြှင့်တင်တာကြောင့် သက်ရောက်မှုက အခွန်အတိုင်းအတာအပေါ်နဲ့ ဒီလိုကောက်ခံမှုက အခြားနိုင်ငံတွေအပေါ်ရောလား၊ ထိုင်းနိုင်ငံကိုပဲ သီးသန့်လားဆိုတဲ့ အချက်တွေအပေါ်တည်တယ်လို့လည်း ပြောခဲ့ပါတယ်။
မစ္စတာ ဘူရင်က ဘလူးတုသ် မော်ဂျူးအစိတ်အပိုင်းတွေ၊ ဆက်သွယ်ရေး ဘရော့ဘန်းထုတ်ကုန်ပစ္စည်းတွေ၊ နေရောင်ခြည်စွမ်းအင်ပြား မော်ဂျူးတွေ၊ လျှပ်စစ်ဓာတ်အား အဒတ်ပ်တာပစ္စည်းတွေ၊ စက်ပစ္စည်းတွေနဲ့ အစိတ်အပိုင်းတွေ၊ မော်တော် ကားအစိတ်အပိုင်းတွေ၊ ကင်မရာ မော်ဂျူးအစိတ်အပိုင်းတွေနဲ့ လေအေးပေးစက်တွေ စတဲ့ ပစ္စည်းတွေကို ထိုင်းနိုင်ငံက အမေရိကန်နိုင်ငံကို တင်ပို့နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကားတာယာလို မော်တော်ကားပစ္စည်းတွေကတော့ ထိုင်းနိုင်ငံလုပ် တာယာတွေဆိုရင် အမေရိကန်ရဲ့ ကုန်သွယ်ရေးအတားအဆီးကိုကြုံရပေမယ့် ဈေးနှုန်းအားဖြင့် ချိုသာမှု အကျိုး ကျေးဇူးရှိတယ်လို့ ပြောခဲ့ပါတယ်။
သူက ထိုင်းနိုင်ငံအနေနဲ့ ကုန်သွယ်ရေးပိုငွေပြနေမှုကို လျော့စေအောင် အမေရိကန်နိုင်ငံက ကုန်ပစ္စည်းတွေ ပိုပြီးတင်သွင်းရဖွယ်ရှိတယ်လို့ သတိပေးခဲ့ပါတယ်။ ဒါပေမယ့် တချို့သော ထိုင်းနိုင်ငံရဲ့ ပို့ကုန်တွေကတော့ ထိုင်းနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံထားတဲ့ အမေရိကန်ကုမ္ပဏီတွေက ထိုင်းနိုင်ငံအတွင်းထုတ်လုပ်တဲ့ ပစ္စည်းတွေမို့လို့ ကင်းလွတ်ခွင့်ရကောင်းရနိုင်တယ်လို့ သူက ပြောခဲ့ပါတယ်။
ထိုင်းနိုင်ငံက အမေရိကန်နဲ့ ကုန်သွယ်မှုမှာ ကုန်သွယ်ရေးပိုငွေပြနေတဲ့ ဒသမမြောက်နိုင်ငံလည်း ဖြစ်ပါတယ်။ K-Research ကတော့ ထိုင်းနိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စုမှ ရေနံ၊ ဓာတုပစ္စည်းတွေ၊ သဘာဝဓာတ်ငွေ့၊ လေယာဉ်ငယ်တွေ၊ ပဲပိစပ်နဲ့ ဂျုံတို့ကို ပိုလို့တင်သွင်းပေးရဖွယ်ရှိတယ်လို့ ပြောခဲ့ပါတယ်။
Ref- Bangkok Post