၇. ၂. ၂၀၂၅
Written by Nay Moe
လူနှစ်ဦးသေဆုံးခဲ့ရတယ်လို့ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ၁၈ မိုင်တောရဘုန်းကြီးကျောင်းက EV ယာဥ်နဲ့တိုက်မိတဲ့ ယာဥ်တိုက်မှုအတွက် ကားနဲ့ဒရိုင်ဘာ ရဲလက်အပ်ပြီး ရဲစခန်းမှာ ဖြေရှင်းနေတယ်လို့ ၁၈ မိုင်တောရ သာသနာပြုအဖွဲ့က သိရပါတယ်။


ဒီယာဥ်တိုက်မှုဖြစ်စဥ်နဲ့ ပတ်သက်လို့ Phoenix Htet အကောင့်ပိုင်ရှင်က “ညီ၀မ်းကွဲလေးကိုတိုက်သွားတဲ့ကားပါ။ ပွဲချင်းပြီးဆုံးသွားလို့ပါ။ နံပါတ်ပြားကတော့ပြုတ်ကျကျန်ခဲ့ပါတယ်။ သိသမျှ App တွေကလည်း Update မဖြစ်တော့ ညီကိုတို့ ကူညီပေးနိုင်ရင် ကူညီပေးကြပါဦးခင်ဗျာ။ ကားနံပါတ်ကတော့ NPW 4S-6492 BYD Tang ပါ။”လို့ ရေးသား အကူအညီတောင်းခဲ့တာပါ။
ဒီကားနံပါတ်ဟာ ၁၈ မိုင်တောရဆရာတော်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၄ ရက်မှာ ကားကုမ္ပဏီတစ်ခုက လှူထားတာဖြစ်တယ်လို့ လူမှုကွန်ရက်မှာ မျှဝေခဲ့တာကြောင့် MT News က ၁၈ မိုင်တောရကျောင်းကို ဆက်သွယ်မေးမြန်းရာမှာ အမှုကိစ္စဆောင်ရွက်နေသူက “ဟုတ်ပါတယ်။ အဲဒီကိစ္စ အမှုဖြစ်ရာ မြို့နယ်ရဲစခန်းသွား ရောက်အကြောင်းကြားထားပြီးပါပြီ။ လူနာရှင်တွေနဲ့လည်း တွေ့ပြီးပါပြီ။ ကျန်တဲ့ကိစ္စတွေကို ရဲစခန်းနှင့် ဆက်လက်ဆောင်ရွက်နေပါတယ်”လို့ ဖြေဆိုပါတယ်။


ဒီယာဥ်တိုက်မှုဖြစ်စဥ်နဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းမကြီးနဲ့ မဟာဗန္ဓုလလမ်းမကြီး လမ်းဆုံမှာ ကားတစ်စီးက အရှိန်နဲ့ ဆိုင်ကယ်ကိုဝင်တိုက်ပြီး လမ်းလျှောက်လာတဲ့ အမျိုးသားတစ်ဦးကိုပါ ထပ်တိုက်မှုဖြစ်ပွားခဲ့လို့ မောင်းပြေးသွားတာလို့လည်း သိရပြီး ဒီဖြစ်ရပ်မှာ ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်း၊ 7Day Resue နဲ့ အဖြူရောင်နှလုံးသားလူမှုကူညီကယ်ဆယ်ရေးအသင်းတွေက ထွက်ခွာကူညီခဲ့တာပါ။ ဒီလို ကူညီချိန် ဦးခေါင်းကွဲဒဏ်ရာရထားတဲ့ သက်ကြီးအမျိုးသားတစ်ဦး၊ ပြင်ပဒဏ်ရာရတာမရှိဘဲ ခါးနဲ့တင်ပါးဆုံထိထားတဲ့ အမျိုးသားတစ်ဦး၊ ဘယ်ဘက်ခြေသလုံးထက်ပိုင်းကျိုး၊ နောက်စေ့ကွဲဒဏ်ရာနဲ့ သေဆုံးတဲ့အမျိုးသားတစ်ဦး တွေ့ရှိခဲ့တယ်လို့ ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်း ကူညီမှုမှတ်တမ်းအရ သိရသလို ခေါင်းကွဲတဲ့သက်ကြီးအမျိုးသားတစ်ဦးကလည်း ဆေးရုံမှာ ဆေးကုသမှုခံယူချိန် ဆုံးပါးသွားခဲ့တာပါ။


လက်ရှိမှာ ၁၈ မိုင်တောရကျောင်းက ဒီဖြစ်စဥ်ဖြစ်ချိန်မှာ သံဃာတော်တွေမပါသလို ဒီမနက် ၇ နာရီကတည်းက အမှုဖြစ်ရာရဲစခန်းသွားရောက်ပြီး ဖြေရှင်းထားသလို ဒရိုင်ဘာနဲ့ကားကို ရဲလက်အပ်ထားပြီး လူနာတွေကိုလည်း လူနာရှင်တွေနဲ့ ဆေးရုံမှာသွားရောက်ထောက်ပံ့ပြီး လိုအပ်တာစီစဥ်နေပြီလို့ ဖြေရှင်းထားပါတယ်။
