၂၈.၁၀.၂၀၂၅
Translated by Htwe Ko Tun
ရုရှားနိုင်ငံအနေနဲ့ သူ့ရဲ့ နိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီတွေကို အမေရိကန်က ပိတ်ဆို့မှုတွေပြုခဲ့တဲ့အတွက် စွမ်းအင်ကဏ္ဍမှာ ထိခိုက်မှုတွေဖြစ်ခဲ့ရပြီးတဲ့နောက်မှာတော့ သူ့ရဲ့စီးပွားရေးတိုးတက်မှုအခွင့်အလမ်းအတွက် အရှေ့တောင်အာရှဈေးကွက်တွေကို အလေးထားစိတ်ဝင်စားလာနေတယ်လို့ အခုအခါသုံးသပ်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။
မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ရုရှားအစိုးရ ဒုတိယဝန်ကြီးချုပ် အလက်ဇီ အိုဗာချတ်က ရုရှားနိုင်ငံဟာ ကုန်သွယ်ရေးနဲ့ ချိတ်ဆက်မှုတို့မှာ တိုးတက်စေဖို့ ကြိုးပမ်းနေပြီး နျူကလီးယားနည်းပညာအပါအဝင် အဓိကနယ်ပယ်တွေမှာ သူ့ရဲ့ အတွေ့အကြုံတွေကို ကမ်းလှမ်းဆောင်ရွက်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ သူက ရုရှားအနေနဲ့ နျူကလီးယား နည်းပညာ၊ ထောက်ပံ့ပို့ဆောင်ရေးနဲ့ ကုန်သွယ်ရေးနယ်ပယ်တို့မှာ အာဆီယံနဲ့အတူ အပြန်အလှန် အကျိုးရှိစေမယ့် အခွင့်အလမ်းတွေကို မြင်တွေ့နေတယ်လို့လည်း ပြောခဲ့ပါသေးတယ်။

အောက်တိုဘာလ ၂၇ ရက်က ကွာလာလမ်ပူမြို့မှာကျင်းပတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်းနဲ့ အရှေ့အာရှ ထိပ်သီးအစည်းအဝေးတွေရဲ့ အပြင်ဘက်မှာ သီးခြားပြောခဲ့ရာမှာ ဒုတိယဝန်ကြီးချုပ် အလက်ဇီ အိုဗာချတ်က အနောက်နိုင်ငံတွေရဲ့ သူ့စီးပွားရေးအပေါ် အဆက်မပြတ် တင်းကျပ်ပိတ်ဆို့လာတဲ့အတွက် မလေးရှားလို နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစွာပြုလုပ်စေခဲ့တယ်လို့ ပြောခဲ့ပါတယ်။။
အလက်ဇီက မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နဲ့ ဆွေးနွေးပြီးနောက် “ကျွန်တော်တို့နိုင်ငံဟာ ပိတ်ဆို့မှုတွေကို လွန်ခဲ့တဲ့ ၁၂၅ နှစ်လောက်ကတည်းက ခံလာရတာပါ” လို့ This Week in Asia မဂ္ဂဇင်းကို ပြောကြားသွားပါတယ်။
“ပိတ်ဆို့မှုတွေကတော့ ရာသီဥတုလိုပဲ အမြဲတမ်း ရှိနေခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ကုန်သွယ်ရေးနဲ့ စီးပွားရေးဆက်ဆံရေးကို ထိန်းသိမ်းပြီး တိုးတက်အောင် လုပ်ဆောင်ပါတယ်။ ပြီးတော့ ယူရေးရှား စီးပွားရေးသမဂ္ဂ(EAEU)နဲ့ အာဆီယံလို အဖွဲ့တွေနဲ့ ဒေသတွင်းနဲ့ အဖွဲ့အစည်းတွေကြား ချိတ်ဆက်မှုကို ခိုင်မာအောင် လုပ်ဆောင်ပါတယ်” လို့ အလက်ဇီက ဆက်ပြောခဲ့ပါတယ်။
ယူရေးရှား စီးပွားရေးသမဂ္ဂဟာ ရုရှားဦးဆောင်တဲ့ ကုန်သွယ်ရေးအုပ်စုတစ်ခုဖြစ်ပြီး အာမေးနီးယား၊ ဘီလာရုစ်၊ ကာဇက်စတန်နဲ့ ကာဂျစ္စတန်တို့လည်း ပါဝင်သလို အရင် ဆိုဗီယက်ပြည်ထောင်စုရဲ့ အစိတ်အပိုင်းတွေမှာ တစ်ခုတည်းသော ဈေးကွက်တစ်ခု ဖန်တီးထားဖို့ ရည်ရွယ်ပါတယ်။
သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်လက်ထက်မှာ ရုရှားအစိုးရက ယူကရိန်းနိုင်ငံအတွင်း စစ်ဆင်ရေးဆောင်ရွက်နေမှုတွေရပ်ဆိုင်းဖို့ တောင်းဆိုချက်ကို ငြင်းပယ်ခဲ့တဲ့အတွက် အမေရိကန်အစိုးရက ရုရှားစွမ်းအင်ကုမ္ပဏီကြီးတွေဖြစ်တဲ့ Rosneft နဲ့ Lukoil တို့ကို ပိတ်ဆို့မှုအသစ်တွေ ချမှတ်ဖို့ ကြေညာခဲ့တာပါ။ ဒီလို ပိတ်ဆို့မှု အပြုခံရပြီး ရက်ပိုင်းအတွင်းမှာပဲ အရှေ့တောင်အာရှကို ခုလို စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေအတွက် ရုရှားအစိုးရက တွန်းအားပေး ပြောကြားလာတာပါပဲ။
ဒီပိတ်ဆို့မှုကြောင့် ရုရှားအစိုးရအနေနဲ့ ကမ္ဘာ့တောင်ပိုင်းတလွှားရှိ ဈေးကွက်အသစ်တွေနဲ့ ဝယ်ယူသူ အသစ်တွေကို ရှာဖွေဖို့ ဖိအားသက်ရောက်ခံခဲ့ရပါတယ်။ ဒီမှာ ရုရှားအစိုးရအနေနဲ့ စွမ်းအင်နဲ့ အခြေခံ အဆောက်အအုံများအတွက် အားကောင်းနေဆဲဖြစ်တဲ့ အာရှဒေသကို အထူးသဖြင့် ရုရှားအနေနဲ့ စိတ်ဝင်စား အလေးထားလာတာလို့ လေ့လာသူတွေက သုံးသပ်ခဲ့ကြပါတယ် ။
ပိတ်ဆို့မှုတွေကို ရှောင်လွှဲပြီး ဈေးပေါတဲ့ရေနံတွေ သယ်ယူပို့ဆောင်ဖို့ သူတို့ရဲ့ အလံရင်းမြစ်ကို ဖုံးကွယ်ထားတဲ့ သင်္ဘောတွေပါတဲ့ မှောင်မိုက်တဲ့ ရေတပ်လို့အခေါ်ခံရတဲ့ ရုရှားရဲ့ သင်္ဘောအုပ်စုက ယူကရိန်းစစ်ပွဲကြောင့် အမေရိကန်နဲ့ ဥရောပသမဂ္ဂက ရေနံအပေါ် မှီခိုနေရတဲ့ သူ့နိုင်ငံစီးပွားရေးကို တုံ့ဆိုင်းသွားစေဖို့ ကြိုးစားလာတဲ့နောက်ပိုင်း အရှေ့တောင်အာရှ ရေပိုင်နက်ကို အသုံးပြုခဲ့ပါတယ်။
ဒါပေမယ့် ဒါဟာ ကျယ်ပြန့်ပြီး မမြင်ရတဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး ရေနံတင်သင်္ဘောတွေဟာ စုံစမ်းသူတွေက စောင့်ကြည့်မှု ဝေးကွာတဲ့ ရေပြင်တွေမှာ ရေနံတွေလွှဲပြောင်းပေးနေတာပါပဲ။
အမေရိကန်ရဲ့ပိတ်ဆို့မှုအောက်မှာ ရုရှားရဲ့ သဘာဝဓာတ်ငွေ့အရည်တင်သင်္ဘောတစ်စင်းဟာ မလေးရှား ကမ်းရိုးတန်းမှာ ရှားရှားပါးပါး ပွင့်လင်းတဲ့ ရေပြင်လောင်စာဆီ လွှဲပြောင်းမှုအတွက် ပြင်ဆင်နေတာကို တွေ့ရှိခဲ့ရတယ်လို့ Bloomberg သတင်းစာက အောက်တိုဘာ ၁၉ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။
တရားမဝင် ရေနံလွှဲပြောင်းမှုတွေလို့ စွပ်စွဲချက်တွေကို ဒုတိယဝန်ကြီးချုပ် အလက်ဇီ အိုဗာချတ်က ဘာမှကောက်ချက်ချ ပြောကြားတာတွေတော့ မလုပ်ခဲ့ပါဘူး။ ဒါပေမယ့် ရုရှားနိုင်ငံက အရှေ့တောင်အာရှဒေသတွင်းကို ကမ်းလှမ်းနိုင်တဲ့ အဓိကနယ်ပယ်တွေထဲမှာ နျူကလီးယားနည်းပညာပါဝင်တယ်လို့ သူက ပြောကြားခဲ့ပြီး ဒါက “သန့်ရှင်း၊ ယုံကြည်စိတ်ချရပြီး ရေရှည်တည်တံ့တဲ့” စွမ်းအင်အရင်းအမြစ်လို့ သူက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် သူက “ရုရှားနိုင်ငံဟာ နျူကလီးယားစွမ်းအင်ထုတ်လုပ်ရေးမှာ အတွေ့အကြုံများစွာရှိပါတယ်။ ကျွန်တော်တို့က နိုင်ငံအတော်များများမှာ နျူကလီးယားဓာတ်အားပေးစက်ရုံတွေကို အကောင်အထည်ဖော် လုပ်ကိုင်နေပါတယ်။ အာဆီယံက ထိုအစီအစဉ်တွေရဲ့ တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပြီး ရုရှားက ပြည်တွင်းမှာလည်း လည်ပတ်နေတဲ့ အသေးစား မော်ဂျူလာဓာတ်ပေါင်းဖိုတွေအပေါ် စိတ်ဝင်စားမှု တိုးပွားလာနေတယ်လို့လည်း ကိုးကားပြောကြားခဲ့ပါတယ်။
ရုရှားနိုင်ငံပိုင်သတင်းဌာန Sputnik ရဲ့ အဆိုအရ ရုရှားအစိုးရဟာ ၂၀ ကြိမ်မြောက် အရှေ့အာရှထိပ်သီး အစည်းအဝေးမှာ ဆွေးနွေးခဲ့တဲ့ စွမ်းအင်မိတ်ဖက်ဆက်ဆံရေးတိုးချဲ့မှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ မလေးရှားနိုင်ငံကို ကြီးမားတဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံတွေနဲ့ မော်ဂျူလာဓာတ်ပေါင်းဖိုတွေ တည်ဆောက်ရာမှာ ကူညီမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။
အာဆီယံဒေတာများအရ ရုရှားနဲ့ အာဆီယံကုန်သွယ်မှုဟာ ၂၀၂၄ ခုနှစ်မှာ ၁၃ ဒသမ ၂ ရာခိုင်နှုန်းထိ မြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၁ ဘီလျံအထိ ရောက်ရှိလာပါတယ်။ ရုရှားနိုင်ငံမှ အာဆီယံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာလည်း ၂၀ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ၄၇၄ သန်းအထိ ရောက်ရှိလာခဲ့ပါတယ်။
ဒါကြောင့်လည်း အမေရိကန်နဲ့ အနောက်အုပ်စုက ပိတ်ဆို့မှုအသစ်တွေ ထပ်မံလုပ်လာပေမယ့် ရုရှားအစိုးရအနေနဲ့လည်း သူ့မှာမိတ်ဆွေနိုင်ငံတွေရှိသေးပြီး နိုင်ငံတကာဇာတ်ခုံမှာ အထီးကျန်မဆန်ဘူးဆိုတာ သက်သေပြဖို့ရယ် သူ့နိုင်ငံစီးပွားကုန်သွယ်မှုအတွက် ဈေးကွက်သစ်တစ်ခုရယ်အဖြစ် အရှေ့တောင်အာရှဒေသကို ပိုလို့ စီးပွားဆက်ဆံမှုတွေလုပ်လာလိမ့်မယ်လို့ သုံးသပ်ရပါတယ်။
Ref- SCMP
