၂၈. ၁၀. ၂၀၂၅
Translated by Thettant
ထိုင်းရဲတပ်ဖွဲ့သည် ယမန်နေ့ အောက်တိုဘာ ၂၇ ရက်ညက တက်ခ်ပြည်နယ်၊ မဲဆောက်ခရိုင်ရုံးအတွင်းမှ အသုံးမပြုတော့သည့် အိမ်သာတစ်ခုတွင် မြန်မာအမျိုးသမီးတစ်ဦး၏ လည်ပင်းကို ဓားဖြင့် လှီးဖြတ်တိုက်ခိုက်ခဲ့သည့် ထိုင်းအမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။
မဲဆောက်ရဲစခန်းမှ အရာရှိများသည် အောက်တိုဘာလ ၂၇ ရက် နံနက် ၁၁ နာရီခန့်တွင် အမျိုးသမီးတစ်ဦး ဓားဖြင့် တိုက်ခိုက်ခံရကြောင်း သတင်းပို့ချက်ကို လက်ခံရရှိခဲ့သည်။ ယင်းတိုက်ခိုက်မှုသည် ခရိုင်ရုံးအတွင်းရှိ အိမ်သာဟောင်းတစ်ခုအတွင်း၌ ဖြစ်ပွားခဲ့ပြီး အဆိုပါအိမ်သာကို ပွဲလမ်းသဘင်များ သို့မဟုတ် အစည်းအဝေးများ ကျင်းပမှသာ ဖွင့်လှစ်လေ့ရှိသည်။

အိမ်သာအတွင်း၌ ရဲအရာရှိများက ကြမ်းပြင်ပေါ်တွင် သွေးစွန်းရာများကို တွေ့ရှိရပြီး ခရိုင်ရုံးတံခါးအထိ မီတာ ၃၀ ခန့်အထိ ရှည်လျားသော သွေးစွန်းရာ လမ်းကြောင်းကိုလည်း တွေ့ရှိရသည်။
နောက်ပိုင်းတွင် အသက် ၂၁ နှစ်အရွယ် မြန်မာနိုင်ငံသူ ဂျူးဂျူးဟု သိရှိရသည့် အမျိုးသမီးဖြစ်သူမှာ ရဲများရောက်ရှိချိန်၌ အခင်းဖြစ်ပွားရာနေရာတွင် မရှိတော့ပေ။ သူမသည် လည်ပင်းတွင် ပြင်းထန်သော ဓားဒဏ်ရာ ရရှိခဲ့ပြီး အကူအညီတောင်းခံရန် အိမ်သာမှ ပြေးထွက်သွားခဲ့ကြောင်း သိရသည်။ မျက်မြင်သက်သေများက သူမအား အနီးရှိ ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့ပြီး ဆေးကုသမှု ခံယူနေဆဲဖြစ်သည်။

ကနဦး စုံစမ်းစစ်ဆေးမှုများအရ ဂျူးဂျူးသည် ခရိုင်ရုံးအတွင်းရှိ လူမှုဖူလုံရေးဆိုင်တွင် တစ်လနီးပါး လုပ်ကိုင်နေသူဖြစ်သည်။ တိုက်ခိုက်မခံရမီ သူမသည် အဆိုပါအိမ်သာသို့ တစ်ယောက်တည်း သွားရောက်ခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က တိုက်ခိုက်သူသည် မြန်မာအမျိုးသမီးငယ်၏ လုပ်ရိုးလုပ်စဉ်ကို ရင်းနှီးကျွမ်းဝင်သူဖြစ်ကြောင်း သံသယရှိသည်။ ရဲအရာရှိများက ဓားပြတိုက်ရန် ကြိုးပမ်းမှု သို့မဟုတ် ပုဂ္ဂိုလ်ရေး မသင့်မြတ်မှုဟူသော အဓိကရည်ရွယ်ချက် နှစ်ခုဖြင့် စုံစမ်းစစ်ဆေးနေသည်။ သို့သော် တိုက်ခိုက်ခံရချိန်တွင် ဂျူးဂျူးသည် အဖိုးတန်ပစ္စည်းများ တစ်စုံတစ်ရာ ယူဆောင်ထားခြင်း မရှိပေ။
ထိုနေရာရှိ CCTV မှတ်တမ်းများအရ တိုက်ခိုက်သူမှာ အသက် ၁၈ နှစ်မှ ၂၀ နှစ်ခန့် ရှိသည်ဟု ယူဆရသော အမျိုးသားတစ်ဦးဖြစ်ကြောင်း ပြသခဲ့သည်။ တရားခံသည် မြန်မာအမျိုးသမီးငယ်နောက် အိမ်သာအတွင်းသို့ လိုက်သွားသည်ကို တွေ့ရပြီး ခဏအကြာတွင် ထွက်ပြေးသွားခဲ့သည်။
ထို့နောက်တွင် ထိုင်းရဲတပ်ဖွဲ့သည် အောက်တိုဘာ ၂၇ ရက် ည ၁၁ နာရီခန့်တွင် တက်ခ်ပြည်နယ်ရှိ ဓာတ်ဆီဆိုင်တစ်ခု၌ သံသယရှိသူအား ခြေရာခံကာ ဖမ်းဆီးနိုင်ခဲ့သည်။
အဆိုပါ သံသယရှိသူသည် မုဒိမ်းမှု အပါအဝင် အခြားသော ရာဇဝတ်မှုမှတ်တမ်းများရှိသည့် ထိုင်းနိုင်ငံသားအဖြစ် ဖော်ထုတ်သိရှိရသော်လည်း ၎င်း၏ အမည်နှင့် အသက်ကို ရဲတပ်ဖွဲ့က ထုတ်ဖော်ခြင်း မရှိသေးပေ။
အစီရင်ခံစာများအရ ယင်းသည် ယခုရာဇဝတ်မှုကို မကျူးလွန်မီ အချိန်မကြာသေးမီကမှ အကျဉ်းထောင်မှ လွတ်မြောက်လာသူဖြစ်ကြောင်း ဖော်ပြထားသည်။


အဆိုပါအမျိုးသားအား လူသတ်ရန် ကြိုးပမ်းမှုဖြင့် တရားစွဲဆိုထားပြီး ၎င်းသည် ရာဇဝတ်ဥပဒေ ပုဒ်မ ၂၈၈ အရ လူသတ်မှုအတွက် သေဒဏ်၊ တစ်သက်တစ်ကျွန်း သို့မဟုတ် ထောင်ဒဏ် ၁၅ နှစ်မှ ၂၀ နှစ်အထိ ချမှတ်နိုင်သော ပြစ်ဒဏ်ကို ခံရနိုင်သည်။
ထို့အပြင် ၎င်းအား ရာဇဝတ်ဥပဒေ ပုဒ်မ ၃၇၁ အရ ဘတ်ငွေ ၁,၀၀၀ အထိ ဒဏ်ငွေချမှတ်နိုင်သော ပြစ်မှုဖြစ်သည့် အများပြည်သူဆိုင်ရာ နေရာတွင် လက်နက်ဆောင်မှုဖြင့်လည်း တရားစွဲဆိုထားသည်။
၎င်း၏ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှု မှတ်တမ်းကြောင့် မြန်မာအမျိုးသမီးငယ်ကို ဓားဖြင့် တိုက်ခိုက်မှု၏ ရည်ရွယ်ချက်သည် မုဒိမ်းမှုကျုးလွန်လိုသည့် လိင်ပိုင်းဆိုင်ရာတိုက်ခိုက်မှုဖြစ်မည်ဟု ရဲတပ်ဖွဲ့က သံသယရှိခဲ့သည်။ သို့သော် ယင်းအချက်ကို အတည်ပြုနိုင်ခြင်း မရှိသေးဘဲ သံသယရှိသူအား စစ်ဆေးမေးမြန်းမှုများ ဆက်လက်လုပ်ဆောင်နေသည်။
Ref, The Thaiger
