၂၈. ၁၀. ၂၀၂၅
Translated by Thettant
အဇာဘိုင်ဂျန်မှ သတို့သမီးတစ်ဦးသည် ၎င်း၏ မင်္ဂလာဝတ်စုံကို ခင်ပွန်း၏ မိသားစုက ခန္ဓာကိုယ်ကို အလွန်အကျွံ ဖော်ပြနေသည့် လိင်စိတ်ကြွ၀တ်စုံဟု ဝေဖန်ရှုတ်ချခံရမှုကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့သည်ဟု Daily Mail က အောက်တိုဘာ ၂၇ ရက်တွင် သတင်းဖော်ပြသည်။
အသက် ၁၉ နှစ်အရွယ် Lyaman Mammadli ဆိုသည့် အဇာဘိုင်ဂျန်ပျိုဖြူကို သူမ၏ မင်္ဂလာဝတ်စုံက ပခုံးများ ဖုံးအုပ်မထားခြင်းကြောင့် သူမသည် မင်္ဂလာနေ့တွင် ‘ကိုယ်လုံးတီး’ ကဲ့သို့ ဖြစ်နေသည်ဟု သတို့သား၏ မိသားစုဘက်မှ စွပ်စွဲမှုကို ခံစားခဲ့ရသည်။

သူမ၏ ဖခင် Murad Bayramov က သမီးဖြစ်သူသည် ထိုဝေဖန်မှုများကြောင့် အလွန်အမင်း စိတ်ထိခိုက်ခဲ့ပြီး မကြာမီတွင်ပင် အဇာဘိုင်ဂျန်နိုင်ငံ၊ မင်ဂါချီဗာမြို့ရှိ မိဘများ၏ နေအိမ်ဥယျာဥ်အတွင်း၌ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော့်သမီးရဲ့ သတို့သားနဲ့ သူ့မိဘတွေက မင်္ဂလာဝတ်စုံကြောင့် ကျွန်တော့်အိမ်မှာ ရန်ပွဲဖြစ်အောင် လုပ်ခဲ့ကြတယ်။ ကျွန်တော့်သမီးက မခံနိုင်တော့ဘဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
Mammadli ၏ ဘာသာရေးအကြောင်းကို ဖော်ပြထားခြင်း မရှိသော်လည်း အဇာဘိုင်ဂျန်နိုင်ငံသည် မွတ်စလင်အများစု နေထိုင်သော နိုင်ငံဖြစ်သည်။
ဖခင်ဖြစ်သူက သမီးဖြစ်သူအား သူမထက် ၁၄ နှစ် ပိုကြီးသော အသက် ၃၃ နှစ်အရွယ် Elnur Mamedli နှင့် လက်ထပ်ရန် ဖိအားပေးခြင်း ဖြစ်နိုင်သည်ဟူသော မီဒီယာသတင်းများကို ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။
“ပွဲပြီးတဲ့နောက် Elnur က သူ့မိဘတွေနဲ့အတူ ကျွန်တော်တို့အိမ်ကိုလာပြီး ကြီးမားတဲ့ အငြင်းပွားမှု ဖြစ်စေခဲ့ပါတယ်။ သူတို့က ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်လဲ။ ဒီလို ရှက်စရာကောင်းတဲ့၊ ဖော်လွန်းနေတဲ့ မင်္ဂလာဝတ်စုံကို သမီးကို ဝတ်ခွင့် ဘာလို့ ပေးဝတ်ခဲ့တာလဲလို့ ပြောကြတယ်။ ကျွန်တော်တို့က ဒါဟာ သတို့သမီး အများအပြား ဝတ်ဆင်တဲ့ ပုံမှန်ဝတ်စုံပါလို့ ပြန်ပြောခဲ့တယ်။ ဒါပေမဲ့ သူတို့က စိတ်မထိန်းကြဘဲ ဆက်ပြီး ငြင်းခုန်နေကြတယ်။ “အဲဒီအငြင်းပွားမှုက နောက်တစ်နေ့အထိ ဆက်ဖြစ်ခဲ့တယ်” ဟု ၎င်းက ပြောသည်။
သတို့သား၏ မိဘများသည် သတို့သမီးအား “သတို့သားနှင့် မိသားစုကို အရှက်ရစေသည်” ဟု စွပ်စွဲခဲ့ကြသည်။
ဝမ်းနည်းပူဆွေးနေသော ဖခင်က “ကျွန်တော့်သမီး မခံနိုင်တော့ဘူး။ စိတ်မချမ်းမသာမှုနဲ့ စိတ်လှုပ်ရှားမှုဂယက်တွေကြားကနေ သူ့ဘဝကို အဆုံးသတ်သွားခဲ့တာပါ” ဟု ပြောကြားခဲ့သည်။

သူမ၏ ခင်ပွန်းအသစ်သည် ဈာပနသို့ လာရောက်ခဲ့သော်လည်း စိတ်ထိခိုက်နေသော ဖခင်က ဈာပနတွင် နေခွင့်မပြုဘဲ မောင်းထုတ်ခဲ့သည်။
လက်ရှိတွင် ရဲတပ်ဖွဲ့သည် သတို့သမီး၏ ကြေကွဲဖွယ် သေဆုံးမှုမတိုင်မီ စွပ်စွဲစော်ကားပြောဆိုသည့် ‘အနိုင်ကျင့်ခံရခြင်း’ အပေါ် ရာဇဝတ်မှုဖြင့် စွဲဆိုနိုင်ရန် အကြောင်းခြင်းရာ ရှိ၊ မရှိ စုံစမ်းစစ်ဆေးနေသည်။
Ref., Daily Mail
