ဓာတ်ပုံ - Sawmu Yount
၂၈.၁၀.၂၀၂၅
Written by Hey Mar
ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဒီနေ့ အောက်တိုဘာ ၂၈ ရက်နေ့ နေ့လယ်ပိုင်းက စက်သုံးဆီအရောင်းဆိုင်မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်က ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ဘားအံ-ကော့ကရိတ်လမ်းပေါ်ရှိ ရတနာမြေ (၂) ဆီဆိုင် မီးလောင်မှုဖြစ်ပွားခဲ့တာလို့ သိရှိရပြီး အဆိုပါမီးလောင်မှုကို ဘားအံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၇)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ကရင်ပြည်နယ်ရုံးမှ ရှာဖွေကယ်ဆယ်ရေးယာဥ်တစ်စီး၊ မာဃလူမှုကူညီရေးအသင်းနဲ့ အရပ်ဘက်လူမှုအဖွဲ့စည်းတွေက ဝိုင်းဝန်းထွက်ခွာငြှိမ်းသက်ခဲ့ရာ တစ်နာရီ ၁၅ မိနစ်အချိန်ခန့်မှာ မီးထိန်းနိုင်ခဲ့ပြီး မီးကြွင်းမီးကျန် မရှိစေရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။


“အခု နေ့လယ် ၃ နာရီအထိတော့ ကျွန်တော်တို့ လောင်ပြင်မှာပဲ ရှိနေပါသေးတယ်ခင်ဗျ၊ မီးကြွင်းမီးကျန်မရှိစေရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်တွေကို ကူညီဆောင်ရွက်ပေးနေပါတယ်။ ဆီဆိုင်ရှေ့ ဆိုင်ခန်းတွေတော့ မီးထဲအတော်ပါသွားပါတယ်။ ကျွန်တော်တို့ တပ်ဖွဲ့ဝင်၊ စေတနာဝန်ထမ်းနဲ့ ပြည်သူတော့ ထိခိုက်မှု မရှိပါဘူး” လို့ ဘားအံလူမှုကယ်ဆယ်ရေးမှ စေတနာ့ဝန်ထမ်းတစ်ဦးက MT News ကို ပြောပါတယ်။
မီးလောင်ကျွမ်းမှု ဖြစ်ပွားရတဲ့ အကြောင်းအရင်းကို တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေပြီး ဆုံးရှုံးမှုတန်ဖိုးကို စိစစ်တွက်ချက်နေဆဲလို့လည်း သိရပါတယ်။
