၂၈.၁၀.၂၀၂၅
Translated by Htwe Ko Tun
အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ရဲ့ ဆယ့်တစ်ခုမြောက်အဖွဲ့ဝင်နိုင်ငံသစ်ဖြစ်လာတဲ့ အရှေ့ တီမောနိုင်ငံရဲ့ သမ္မတဖြစ်တဲ့ ရာမို့စ် ဟော်တာက အာဆီယံအဖွဲ့ဝင်ဖြစ်ပြီး သိပ်မကြာခင်မှာဘဲ AP သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းပွဲတစ်ခု အောက်တိုဘာလ ၂၇ ရက်က ပြုလုပ်ခဲ့ပါတယ်။
တွေ့ဆုံမေးမြန်းပွဲမှာ သမ္မတ ရာမို့စ် ဟော်တာက မြန်မာနိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုရရှိရေး သူ့အနေနဲ့လိုလားတယ်ဆိုတာ အဓိကထားပြောခဲ့ပါတယ်။
သူက ဒေသအတွင်း စိမ်ခေါ်မှုအကြီးမားဆုံးပြဿနာလည်းဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ပြင်းထန်လှတဲ့ ပြည်တွင်းက စစ်ပွဲအကျပ်အတည်းကိုရပ်တန့်စေဖို့ သူ့အနေနဲ့ ပုဂ္ဂိုလ်ရေးအရ ကြားဝင်စေ့စပ်ပေးလိုတဲ့ ဆန္ဒရှိပါတယ်လို့တောင် ပြောကြားခဲ့ပါတယ်။

ရာမို့စ် ဟော်တာက တွေ့ဆုံမေးမြန်းပွဲမှာ “ဒီနေ့ ကမ္ဘာကြီးမှာရော၊ ဒေသထဲမှာရော ပြဿနာတွေက ဖြစ်ပွားနေတာအများကြီးပါ။ ဒီတော့ အာဆီယံအနေနဲ့လည်း နောက်ထပ်ခေါင်းကိုက်စရာ ပြဿနာတစ်ခု မလိုချင်တော့ပါဘူး။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့မှာ ပြန်လည်ရင်ကြားစေ့ပေးဖို့၊ ပဋိပက္ခတွေ အဆုံးသတ်ဖို့နဲ့ လူ့အဖွဲ့အစည်းမှာ ခံစားနေရတဲ့ ဒဏ်ရာဒဏ်ချက်တွေ ပျောက်ကင်းအောင်လုပ်ပေးဖို့ အတွေ့အကြုံတွေတော့ရှိပါတယ်” လို့ ပြောခဲ့ပါတယ်။
ဆက်လက်ပြီးတော့ သမ္မတက “ဒီတော့ ကျွန်တော်တို့ လမ်းပြမြေပုံတစ်ခုတော့ အရင်ရှာရမယ်။ ဒါက တည်ငြိမ်အေးချမ်းမှုကို ရှေးရှုပြီး အားလုံးအကြားမှာ နိုင်ငံရေးအရ သဘောတူညီချက်အသစ်တစ်ခု ရစေဖို့ပါ။ ဒါက တကယ်ပြည့်စုံသေချာတဲ့ ဒီမိုကရေစီတေ့ာ မဟုတ်ဘူး။ ဒီလိုဒီမိုကရေစီကိုလည်း ချက်ချင်းကြီးတော့ မမျှော်လင့်ကြနဲ့။ ရနိုင်မှာမဟုတ်ဘူး” လို့ သူက ပြောခဲ့ပါတယ်။
Ref-AP
