၂၈. ၁၀.၂၀၂၅
Written by Hey Mar
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့က ဖာမွန်းကျေးရွာအုပ်စုမှာ မီးရှူးမီးပန်းပြုလုပ်ဖို့ ပြင်ဆင်နေစဉ် ယမ်းပေါက်ကွဲပြီး အမျိုးသမီးတစ်ဦး မီးလောင်ကျွမ်းသေဆုံးကာ အမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ် ဒီနေ့ အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဖြစ်စဉ်က ဒီနေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်ခန့်မှာ တောင်ကြီးမြို့နယ်၊ ဖာမွန်းကျေးရွာအုပ်စု၊ ကောင်ရွေးရွာမှာ မီးရှူးမီးပန်းပြုလုပ်ရင်း ယမ်းပေါက်ကွဲမှုကြောင့် အသက် ၄၀ ဝန်းကျင် အမျိုးသမီးတစ်ဦး နေရာတင်သေဆုံးကာ လူငယ် အမျိုးသားနှစ်ဦး မီးလောင်ဒဏ်ရာ တချို့ ရရှိခဲ့တာလို့ သိရပါတယ်။
ရှမ်းတောင်မှာ နှစ်စဉ်မီးပုံးပျံလုပ်ရင် အလယ်တန်းကျောင်းသားလောက်ကအစ ပါဝင်ယမ်းထောင်းကာ ရိုးရာဆင်နွှဲဖို့ ဝိုင်းဝန်းကြပြီး အခုလည်း သားဖြစ်သူ အလုပ်လုပ်နေတာကို လာကြည့်ရင်း မီးရှူးမီးပန်းနဲ့ ဆက်စပ်ပစ္စည်းကပ်ကြေးနဲ့ ညှပ်ကူနေတဲ့ မိခင်ဖြစ်သူ ယမ်းပေါက်ကွဲစဉ် ပြင်းထန်စွာထိခိုက်မိပြီး လောင်ကျွမ်းသေဆုံးတာလို့ သိရပါတယ်။
အခင်းဖြစ်နေရာဆီ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ကြက်ခြေနီတပ်ဖွဲ့တို့ ရောက်ရှိလာပြီး သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေကို တောင်ကြီးစဝ်စံထွန်းဆေးရုံဆီ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။





