၂၈. ၁၀. ၂၀၂၅
Translated by Tha Doe
အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်သည် ဂျပန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်သူ Sanae Takaichi နှင့် တိုကျိုမြို့၌ တွေ့ဆုံခဲ့ပြီး စစ်ရေးအင်အားတိုးမြှင့်မှုကို အရှိန်မြှင့်တင်ရန် သူမ၏ ကတိကဝတ်ကို ကြိုဆိုကာ ကုန်သွယ်ရေးနှင့် အရေးပါသော ဓာတ်သတ္တုပစ္စည်းများဆိုင်ရာ သဘောတူညီချက်များကို ယနေ့ လက်မှတ်ရေးထိုးခဲ့ကြသည်။
ထရမ့်ပ်သည် Takaichi ကို ချီးမွမ်းဂုဏ်ပြုခဲ့ပြီး သူမသည် “ထူးချွန်သော” ခေါင်းဆောင်တစ်ဦး ဖြစ်လာမည်ဟု ပြောကြားခဲ့ကြောင်းနှင့် ဝန်ကြီးချုပ်ကလည်း အမေရိကန်သမ္မတအား နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်းရန် စီစဉ်နေကြောင်း အိမ်ဖြူတော်က ယနေ့ ပြောကြားခဲ့သည်။
ထရမ့်ပ်၏ မိတ်ဆွေနှင့် ဂေါက်သီးရိုက်ဖက်ဖြစ်သော ကွယ်လွန်သူ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးနှင့် ရင်းနှီးသည့် မဟာမိတ်ဖြစ်သူ Takaichi သည် ယခုနှစ်အတွင်း သဘောတူညီထားသော ဒေါ်လာ ၅၅၀ ဘီလျံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်တစ်ရပ်ကို အမေရိကန်သို့ ကမ်းလှမ်းရန်လည်း မျှော်လင့်ရကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။ ယင်းအစီအစဉ်တွင် သင်္ဘောတည်ဆောက်ရေး၊ အမေရိကန် ပဲပိစပ်၊ သဘာဝဓာတ်ငွေ့နှင့် ပစ်ကပ်ထရပ်ကားများ ပိုမိုဝယ်ယူရေးတို့ ပါဝင်ကြောင်း ဆွေးနွေးမှုများနှင့် နီးစပ်သူများကို ကိုးကား၍ အဆိုပါ သတင်းဌာနက ဖော်ပြခဲ့သည်။

ထိုကမ်းလှမ်းချက်များသည် ဂျပန်နိုင်ငံအနေဖြင့် စစ်ရေးဩဇာချဲ့ထွင်လာသည့် တရုတ်နိုင်ငံ၏ ဘေးရန်မှ ကျွန်းများကို ကာကွယ်ရန် ကာကွယ်ရေးစရိတ် ပိုမိုသုံးစွဲရန် ထရမ့်ပ်၏ တောင်းဆိုမှုများကို လျှော့ချစေနိုင်ပြီး၊ Takaichi ကလည်း ပြီးခဲ့သည့်အပတ်က ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီ၏ ၂ ရာခိုင်နှုန်းအထိ အမြန်တိုးမြှင့်ရန် ကတိပြုခဲ့ခြင်းဖြင့် ရှောင်ရှားရန် ကြိုးပမ်းခဲ့သည်။
“ဒါဟာ အလွန်ခိုင်မာ အားကောင်းတဲ့ လက်ဆွဲနှုတ်ဆက်မှုပါ” ဟု ထရမ့်ပ်က တိုကျိုမြို့လယ်ရှိ အာကာဆာကာနန်းတော် (Akasaka Palace) တွင် ဓာတ်ပုံရိုက်ကူးနေစဉ် ပြောကြားခဲ့သည်။
“ရှင်ဇိုနဲ့ တခြားသူတွေဆီက ကျွန်တော်သိသလောက်တော့ ခင်ဗျားဟာ ထူးချွန်တဲ့ ဝန်ကြီးချုပ်တွေထဲက တစ်ဦး ဖြစ်လာပါလိမ့်မယ်။ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာတဲ့အတွက်ကိုလည်း ဂုဏ်ပြုချင်ပါတယ်။ ဒါဟာ အရေးကြီးတဲ့ ကိစ္စပါ” ဟု ထရမ့်ပ်က ကိုယ်စားလှယ်အဖွဲ့များနှင့်အတူ ဆွေးနွေးရန် ပြင်ဆင်ကြစဉ် Takaichi ကို ပြောကြားခဲ့သည်။
ထိုအခါ Takaichi သည် ထရမ့်ပ်ကို ရှင်ဇိုအာဘေး၏ ဂေါက်သီးတုတ်၊ ဂျပန်ဂေါက်သီးချန်ပီယံ Hideki Matsuyama ၏ လက်မှတ်ပါ ဂေါက်အိတ်နှင့် ရွှေရောင်အလှဆင်ထားသော ဂေါက်သီးတစ်လုံးကို လက်ဆောင်ပေးခဲ့ကြောင်း Trump ၏ အကူ Margo Martin က X တွင် ဓာတ်ပုံများ ဖြန့်ဝေခဲ့သည်။
ဥရောပပုံစံဖြင့် ဆောက်လုပ်ထားသော အဆိုပါ ခမ်းနားထည်ဝါသည့် နန်းတော်သို့ အမေရိကန်သမ္မတ ထရမ့်ပ်သည် ၂၀၂၂ ခုနှစ်တွင် လုပ်ကြံခံခဲ့ရသော အာဘေးနှင့် ဆွေးနွေးရန် ၂၀၁၉ ခုနှစ်က နောက်ဆုံးအကြိမ် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
ထရမ့်ပ်သည် ဂျပန်နိုင်ငံက အမေရိကန်ကာကွယ်ရေးပစ္စည်းများ ပိုမိုဝယ်ယူရန် ကြိုးပမ်းအားထုတ်မှု များကို ချီးကျူးခဲ့သလို Takaichi ကလည်း ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံအကြား၊ အစ္စရေးနှင့် ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့များအကြား အပစ်အခတ်ရပ်စဲရေးကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သည့် ထရမ့်ပ်၏ အခန်းကဏ္ဍသည် “မကြုံစဖူးသော” အောင်မြင်မှုများ ဖြစ်သည်ဟု ဂုဏ်ပြု ပြောကြားခဲ့သည်။

“ဒီလိုတိုတောင်းတဲ့ ကာလလေးအတွင်းမှာ ကမ္ဘာကြီးဟာ ပိုပြီး ငြိမ်းချမ်းမှုကို ခံစားလာရပါတယ်” ဟု Takaichi က စကားပြန်မှတစ်ဆင့် သတင်းထောက်များကို ပြောကြားခဲ့သည်။ “သမ္မတကြီးရှင့်၊ ကျွန်မကိုယ်တိုင်လည်း သမ္မတကြီးကို အထူးလေးစားပြီး စိတ်ဓာတ်ခွန်အားတွေ ရခဲ့ပါတယ်” ဟု Takaichi က ထပ်လောင်းပြောကြားခဲ့သည်။
ထို့နောက် ခေါင်းဆောင်များသည် စမတ်ဖုန်းများမှသည် တိုက်လေယာဉ်များအထိ ကျယ်ပြန့်သော ထုတ်ကုန်များအတွက် အလွန်အရေးကြီးသော မြေရှားဓာတ်သတ္တုပစ္စည်းများကို တရုတ်နိုင်ငံ၏ ထိန်းချုပ်မှုမှ လွတ်မြောက်အောင် ကြိုးပမ်းနေသည့်အနေဖြင့် ယင်းပစ္စည်းများ ရရှိရေးကို အထောက်အကူပြုမည့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် အဆိုပါ သဘောတူညီချက်၏ ရည်ရွယ်ချက်မှာ အရေးပါသော ဓာတ်သတ္တုများနှင့် မြေရှားဓာတ်သတ္တုပစ္စည်းများ၏ ထောက်ပံ့ရေးကွင်းဆက်များတွင် အထောက်အကူပြုရန်နှင့် လုံခြုံရေးကို နိုင်ငံနှစ်ခုလုံး ရရှိစေရေး ကူညီပေးရန်ဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းတွင် “အမေရိကန်နှင့် ဂျပန်သည် သံလိုက်များ၊ ဘတ္ထရီများ၊ ဓာတ်ကူပစ္စည်းများနှင့် အလင်းပစ္စည်းများကဲ့သို့သော ဆင်းသက်လာသည့် ထုတ်ကုန်များအပါအဝင် အရေးပါသော ဓာတ်သတ္တုများနှင့် မြေရှားဓာတ်သတ္တုပစ္စည်းများ၏ ထောက်ပံ့ရေးကွင်းဆက်များရှိ လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် စိတ်ဝင်စားဖွယ် စီမံကိန်းများကို ပူးတွဲဖော်ထုတ်မည်” ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။
ထရမ့်ပ်နှင့် Takaichi တို့သည် နောက်ပိုင်းတွင် ဒေသတွင်းရှိ အမေရိကန်စစ်တပ်၏ အင်အားကြီးမားသော တည်ရှိမှု၏ အစိတ်အပိုင်းဖြစ်သော USS George Washington လေယာဉ်တင်သင်္ဘော အခြေစိုက်သည့် တိုကျိုအနီးရှိ ယိုကိုစူကာ (Yokosuka) ရှိ အမေရိကန်ရေတပ်အခြေစိုက်စခန်းသို့ သွားရောက်လည်ပတ်မည်ဖြစ်သည်။
ထို့နောက် ထရမ့်ပ်သည် တိုကျိုရှိ စီးပွားရေးခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ဗုဒ္ဓဟူးနေ့တွင် တောင်ကိုရီးယားသို့ ခရီးဆက်မည်ဖြစ်သည်။ ထိုနေရာတွင် တရုတ်သမ္မတ ရှီကျင့်ဖိန်နှင့် ဆွေးနွေးရာတွင် ကမ္ဘာ့အကြီးဆုံးစီးပွားရေးနိုင်ငံနှစ်ခုအကြား ကုန်သွယ်ရေးစစ်ပွဲကို ရပ်စဲရန် မျှော်လင့်ကြောင်း ထရမ့်ပ်က ပြောကြားခဲ့သည်။
Ref, Al Jazeera
