၂၈. ၁၀. ၂၀၂၅
Translated by Thettant
မြန်မာနိုင်ငံဘက်ခြမ်းမှ ‘၀’ ဒေသ တောင်ပိုင်းနှင့် ထိစပ်နေသော ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်ရှိ ဖန် (Fang) ခရိုင်တွင် ယမန်နေ့ တနင်္လာနေ့က နယ်မြေလှည့်ကင်းဆောင်ရွက်နေသော ထိုင်းတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးမှောင်ခိုကုန်ကူးသူများ ခဏတာ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မှုအတွင်း မူးယစ်ဆေးဝါး မှောင်ခိုသမား ခြောက်ဦး သေဆုံးခဲ့ပြီး Labubu တံဆိပ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၂ သန်းကို ဖမ်းဆီးရမိခဲ့သည်။
ဖာမောင်း စစ်ဆင်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းရရှိထားသည့်အတိုင်း မွန်ပင်အုပ်စုရှိ ဘန်မောင်ချမ်အနီး နယ်စပ်သစ်တောကို ဖြတ်၍ လမ်းလျှောက်လာသော လူရှစ်ဦး သို့မဟုတ် ကိုးဦးခန့်ပါ အဖွဲ့တစ်ဖွဲ့နှင့် မနက် ၆ နာရီ ၄၉ မိနစ်တွင် တွေ့ဆုံခဲ့ကြောင်း အဆိုပါတပ်ဖွဲ့၏ ဒုတိယတပ်မှူး ဗိုလ်မှူးကြီး မီချိုင်း နီလာဆာတ်က ပြောကြားခဲ့သည်။
ထိုင်းတပ်ဖွဲ့ဝင်များက အဆိုပါအဖွဲ့ကို ရပ်တန့်၍ ရှာဖွေစစ်ဆေးရန် အော်ဟစ်သတိပေးရာ ၎င်းတို့က ထိုင်းတပ်ဖွဲ့ဝင်များဘက်သို့ သေနတ်ဖြင့် စတင်ပစ်ခတ်သဖြင့် တုံ့ပြန်ပစ်ခတ်ခဲ့သည်။ ထိုသို့ အပြန်အလှန် ပစ်ခတ်မှုမှာ ငါးမိနစ်ခန့် ကြာမြင့်ခဲ့သည်။
အခင်းဖြစ်ပွားရာ နယ်မြေကို ရှင်းလင်းပြီးနောက် ထိုင်းတပ်ဖွဲ့ဝင်များသည် အမျိုးသား ၆ ဦး၏ အလောင်းများကို တွေ့ရှိခဲ့ပြီး ကျန်သူများမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ တိုက်ပွဲ ဖြစ်ပွားရာနေရာတွင် ကျောပိုးအိတ် ရှစ်လုံးကို တွေ့ရှိရပြီး ယင်းအိတ်များထဲတွင် စိတ်ကြွဆေးပြား ၁ ဒသမ ၂ သန်းပါ အထုပ်များ၊ သေနတ်အရှည်တစ်လက်၊ ပစ္စတိုတစ်လက်နှင့် မိုဘိုင်းဖုန်းသုံးလုံးတို့ကို ဖမ်းဆီးရမိခဲ့သည်။
ဗိုလ်မှူးကြီး မီချိုင်းက ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးထုပ်များမှာ တရားမဝင်စျေးကွက်တွင် ပိုမိုရေပန်းစားလာသည့် Labubu ကာတွန်းပုံကို တံဆိပ်နှိပ်ထားကြောင်း ပြောကြားခဲ့သည်။
အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ယခုစစ်ဆင်ရေးတပ်ဖွဲ့သည် မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှု ၃၇ မှုတွင် ပါဝင်ပတ်သက်ခဲ့ပြီး သံသယရှိသူ ၄၄ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဖာမောင်းတပ်မှူး ဗိုလ်ချုပ် ဆာထစ် ဝိုင်ယာနွန်က ပြောကြားခဲ့သည်။ ထို့ပြင် လက်နက်ကိုင် ထိပ်တိုက်ရင်ဆိုင်မှု ငါးကြိမ် ဖြစ်ပွားခဲ့ရာတွင် မူးယစ်မှောင်ခိုသမား ခုနစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
Ref , Bangkok Post
