



၂၈.၁၀.၂၀၂၅
Written By Thandar
နာမည်ကျော် Vocal Coach ထရေစီရဲ့ သားဖြစ်သူ Fever 109 ရဲ့ Leader အဆိုတော် Adino@မင်းသစ်လွှမ်း အသက် ၃၇ ရဲ့ နောက်ဆုံးခရီးကို ယနေ့ အောက်တိုဘာ ၂၈ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ မြောက်ဥက္ကလာပမြိုနယ်ရှိ ရေဝေးသုသာန်မှာ ကျင်းပခဲ့ပါတယ်။
အဆိုပါ ဈာပနာအခမ်းအနားကို အနုပညာဂီတမောင်နှမတွေဖြစ်တဲ့ ရင်ဂို၊ စည်သူလွင်၊ ဇော်ဝင်းထွဋ်၊ ဝေလ၊ တွင်ကယ်၊ ဂီတမှူးနိုင်ဇော် စတဲ့သူတွေ လိုက်လံပို့ဆောင်ခဲ့ကြပါတယ်။





ယနေ့ အောက်တိုဘာ ၂၈ ရက် နံနက် ၁၁ နာရီခွဲက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ဈာပနဝတ်ပြုကိုးကွယ်ခြင်း အခမ်းအနားနဲ့ မြေသို့အပ်နှံခြင်းအစီအစဉ်ကို ၈ မိုင် ဟေဗြုန်ညီအစ်ကိုများအသင်းတော်ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီနောက် ရေဝေးခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဥယျာဉ်တော်မှာ မီးသင်္ဂြိုဟ်ပြီးတော့ အရိုးပြာကို ဂူသွင်းခဲ့ပါတယ်။
သူဟာ အောက်တိုဘာလ ၂၅ ရက် ည ၈ နာရီ ၁၅ မိနစ်က Idiots Farewell Tour ပွဲမှာ သီဆိုဖျော်ဖြေနေရင်း Heart Attack ကြောင့် ရုတ်တရက် ကွယ်လွန်ခဲ့တာပါ။
အဒီနို@မင်းသစ်လွှမ်းကို အသက်ငယ်ဆုံး Durmer တစ်ဦး အနေနဲ့ Rock Star ကြီး ဇော်ဝင်းထွဋ်က ပရိသတ်တွေ မိတ်ဆက်ပေးခဲ့သူဖြစ်ပြီးတော့ Metal Rock ဂီတကို ခုံမင်နှစ်သက်သူလည်းဖြစ်ခဲ့ပါတယ်။
သူ့ဟာ ၉ နှစ်သားအရွယ်ကတည်းက ခင်မင်ခဲ့ရတဲ့ငယ်သူငယ်ချင်းရေမွန်အတွက် ရည်စူးရေးထားသလို ရေမွန်ပါဝင်ရေးစပ်ထားတဲ့ “မငိုနဲ့တော့” သီချင်းကို သီဆိုနေချိန်မှာပဲ Heart Attack နဲ့ လဲကျကြွေလွင့်ခဲ့တာပါ။
