နေမိုး
၂၈. ၁၀. ၂၀၂၅
ရေးမြို့နယ်၊ နှင်းစုံတံတားအနီး ပြည်သူများ သွားလာနေချိန် လုံခြုံရေးဆောင်ရွက်နေသော ပြည်သူ့စစ်အဖွဲ့ကို ရေးဘီလူး PDF အဖွဲ့က အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လက်နက်မဲ့ပြည်သူ အမျိုးသမီးငယ်တစ်ဦးနှင့် ပြည်သူ့စစ်တစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရမှု ယမန်နေ့က ဖြစ်ပွားခဲ့သည်။
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှင်းစုံကျေးရွာအနီးရှိ နှင်းစုံတံတား၌ အဆိုပါကျေးရွာရှိ ပြည်သူ့စစ် အဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက်နေစဉ် PDF ငါးဦးခန့်က မော်တော်ယာဉ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြည်သူ့စစ်အဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ အကြမ်းဖက်အဖွဲ့များ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့သည်ဟု သိရသည်။




အဆိုပါ ဖြစ်စဉ်အတွင်း ပြည်သူ့စစ်အဖွဲ့ဝင်ဖြစ်သူ ကိုကျော်စွာအောင်(၂၁)နှစ်နှင့် တံတားအနီးရောက်ရှိနေသည့် နှင်းစုံကျေးရွာနေ အရပ်သားပြည်သူ မကြည်ကြည်ဌေး(၁၇)နှစ်တို့တွင် ကျည်ထိမှန် ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ပြီး ပြည်သူ့စစ်အဖွဲ့ဝင် ဦးသိန်းတန်(၅၂)နှစ်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ရေးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်အပေါ် ရေးဘီလူး PDF အဖွဲ့ခေါင်းဆောင်က လူမှုကွန်ရက်ပေါ်တွင် ယင်းတို့ကျူးလွန်ခြင်းဖြစ်ကြောင်း ဝန်ခံထားသည်။ ရေးဘီလူး ခေါင်းဆောင်သည့် PDF အဖွဲ့သည် စစ်သုံပန်းအဖြစ်ဖမ်းဆီးထားသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးကို အရှင်လတ်လတ်ခေါင်းဖြတ်သတ်သည့် စစ်ရာဇဝတ်မှုကျူးလွန်ထားသော PDF အဖွဲ့လည်းဖြစ်သည်။
