၂၈. ၁၀. ၂၀၂၅
Written by Nyein Kyaw
ရွေးကောက်ပွဲ အပိုင်း(၂) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက် တနင်္ဂနွေနေ့တွင် မြို့နယ်ပေါင်း ၁၀၀ ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ကြေညာချက်အမှတ် (၁၄၁/၂၀၂၅) ဖြင့် ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) တွင် ပါဝင်သည့် မြို့နယ် ၁၀၂ မြို့ နယ်ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်တွင် ကြေညာချက်အမှတ် (၅၆/၂၀၂၅) ဖြင့် သတ်မှတ်ကြေညာခဲ့ပြီးဖြစ်သည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို ၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ( ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်) တနင်္ဂနွေနေ့တွင် ကျင်းပမည်ဖြစ်ပြီး ပါဝင်သည့် မြို့နယ် ၁၀၀ မြို့နယ်အား တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပူးတွဲပါ ဇယားအတိုင်း သတ်မှတ်ကြေညာပေးထားပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၂ ခုတွင် ကျင်းပပြုလုပ်ပေးမည်ဟု သိရသည်။
