
၂.၂.၂၀၂၅
Written By Thandar
လက်ရှိ တချို့ မီဒီယာတွေက “ရုပ်ရှင်ထူးချွန်ဆုပေးကာနီးမှာ ရုပ်ရှင်သရုပ်ဆောင်တွေ ရုပ်ရှင်အစည်းအရုံးကို အပြိုင်အဆိုင်လှူဒါန်းကြ”ဆိုတဲ့ ခေါင်းစဉ်နဲ့ ပရိသတ်အထင်မှားစရာ အထင်သေးစရာ သတင်းဆိုးများကို ဖော်ထုတ်သွားမယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးက လူမှုရေးအဖွဲ့အစည်းတစ်ခုပါ။ အားလုံးက ကိုယ့်လုပ်အားနဲ့ ဝိုင်းဝန်းကူညီလုပ်ကိုင်နေကြတာပါ။ တချို့ သတင်းတွေမှာ ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးခါနီးမှ ရုပ်ရှင်သရုပ် ဆောင်တွေက ရုပ်ရှင်အစည်းအရုံးကို အပြိုင်အဆိုင်လှူနေကြတယ်ဆိုတဲ့ မဟုတ်မမှန် သတင်းတွေရဲ့အောက်မှာ ဝေဖန်ကြတာတွေရှိတယ်။ တကယ်တော့ ကိုယ့်အနုပညာလောကသား အလွှာအသီးသီးအတွက် အရင်ကတည်းက လှူဒါန်းတာတွေက လုပ်ခဲ့ကြတာပါ။ ဒီလိုမဟုတ်မမှန်တာတွေ ဝေဖန်တိုက်ခိုက်တာကြောင့် အနုပညာရှင်တွေ စေတနာရှင်တွေက ထပ်လှူဒါန်းဖို့ကို လန့်သွားကြတယ်လေ။ ဒီလိုဝေဖန်မှုတွေ မလုပ်သင့်ပါဘူး။ ခက်ခဲနေချိန်မှာ လှူဒါန်းကြတာပါ။ဒါကိုတော့ နားလည်စေချင်လို့ခုလို မေတ္တာ ရပ်ခံစာကို ထုတ်လိုက်တာပါ။ သတင်းမှားတွေ ပြောဆိုသူတွေကို ဖော်ထုတ်သွားဖို့လုပ်မှာပါ “လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌဦးအေးကြူလေးက MT Entertainment ကိုပြောပါတယ်။
အဆိုပါ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အစိုးရမဟုတ်တဲ့ လူမှုရေးအဖွဲ့အစည်းတစ်ခုမျှသာဖြစ်ပြီး ရုပ်ရှင်ဖခင်ကြီးတွေ ဦးဆောင် ဖွဲ့စည်းခဲ့တာ လာမယ့် ၂၀၂၆ ခုနှစ် မတ်လ ၈ ရက်နေ့မှာ သက်တမ်းနှစ် ၈၀ပြည့်မြောက်တော့မှာဖြစ်ပါတယ်။
အစည်းအရုံးရေရှည်ရပ်တည်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ရန်ကုန် တိုင်းအစိုးရ၊ ဆန်နဲ့ ဆီကုန်သည်ကြီးများအသင်းနဲ့ စေတနာရှင်ပုဂ္ဂိုလ်တွေ ရုပ်ရှင်ရုံပိုင်ရှင်တွေ ထုတ်လုပ်သူတွေ သရုပ်ဆောင်တွေရဲ့ ပံ့ပိုးမှုက ရရှိတယ်လို့ သိရပါတယ်။
ရုပ်ရှင်လောကသားတွေကို အခုမှ လှူဒါန်းတာမဟုတ်ဘဲ အမြဲလှူဒါန်းခဲ့တာမို့ ၁၆ ကြိမ်မြောက်အထိ ဆန်၊ ဆီကြက်သွန်နီ၊ ပဲ၊ ငါးသေတ္တာ အစရှိတဲ့ စားသောက်ကုန်တွေကို ဖြန့်ချိလှူဒါန်းမှုတွေကလည်း ထုတ်လုပ်သူတွေ သရုပ်ဆောင်တွေနဲ့ စေတနာရှင်တွေက ရုပ်ရှင်အစည်းအရုံးက တစ်ဆင့် လိုအပ်တိုင်း ကူညီလှူဒါန်းပေးနေကြတာဖြစ်ပါတယ်။
အနုပညာလောကသားတွေ အချင်းချင်း မေတ္တာစေတနာနဲ့ ရုပ်ရှင်လောကသားတွေကို အမြဲတစေ လှူဒါန်းကူညီချိန်နဲ့ လက်ရှိ ရုပ်ရှင်ထူးချွန်ဆုပေးပွဲအချိန်နဲ့ တိုက်ဆိုင်သွားခြင်းမျှသာဖြစ်ပါတယ်။ ရုပ်ရှင်အစည်းအရုံးက အာဏာပိုင်အဖွဲ့အစည်းမဟုတ်ဘဲ အာဏာလည်းမရှိသလို လုပ်ပိုင်ခွင့်လည်းနည်းပါးပါတယ်။ ရုပ်ရှင်ထူးချွန်ဆုတွေကိုလည်း မိမိစိတ်မိမိသဘောတစ်ခုတည်းနဲ့ ဆုံးဖြတ်ပြီးပေးဆောင်ခြင်းမျိုးလည်းလုပ်ခွင့်မရှိပါဘူးလို့ ဆိုပါတယ်။
တချို့သောမီဒီယာတွေအနေနဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ လှူဒါန်းကူညီရေးနဲ့ စည်းရုံးရေးကူညီတဲ့အနေနဲ့ သတင်းဆိုးသတင်းမှားတွေကို ဖော်ပြခြင်းမပြုကြဖို့လည်း ရုပ်ရှင်အစည်းအရုံးက မေတ္တာရပ်ခံထားပါတယ်။