၉. ၁. ၂၀၂၃
Written by Phyo Wei

ဒီတစ်ပတ်မှာဆိုရင်လည်း SAC အစိုးရအဖွဲ့က စိန်ရတုလွတ်လပ်ရေးနေ့အမှတ်တရအဖြစ် လွတ်ငြိမ်းသက်သာခွင့် ၇၀၁၂ ဦးပေးခဲ့သလို နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်ခံထားရသူ ၃၀၀ ဦးပါဝင်တာကြောင့် ကုလသမဂ္ဂက အသိအမှတ်ပြုခဲ့တဲ့ ရက်သတ္တပတ်မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဂူတာရက်စ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်ပေးဖို့ ထပ်မံတောင်းဆိုလာတာကို တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ်ဆိုရင် ဘယ်လိုအကျိုးအမြတ်ရနိုင်သလဲဆိုရင်တော့ လက်ရှိမှာ NUG နဲ့ PDF ကို ထောက်ခံပြီး ထောက်ပံ့နေတဲ့သူတွေရဲ့ လှုပ်ရှားမှုထက်ဝက်ကျော် ရပ်သွားနိုင်တဲ့အလားအလာမျိုးလည်း ရှိနိုင်တယ်လို့ အများခန့်မှန်းကြတဲ့ ဒီရက်သတ္တပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ အကြမ်းဖက်လမ်းစဉ်ကို ရွေးချယ်တဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမည်းစက်တွေအကြောင်း၊ ရုရှားနဲ့ မြန်မာအကြားရရှိထားတဲ့ သဘောတူညီမှုတွေက နှစ်နိုင်ငံဆက်ဆံရေးကို အထောက်အပံ့ကောင်းဖြစ်စေတယ်ဆိုတဲ့ ရုရှားသမ္မတပြောကြားလာမှုတွေနဲ့ အာဆီယံဥက္ကဋ္ဌဖြစ်လာတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ နစကနဲ့ ဆက်ဆံချိန်မှာ ဘယ်လိုလမ်းကြောင်းကို ရွေးချယ်သင့်သလဲဆိုတဲ့အကြောင်းတွေကို သုံးသပ်တင်ပြလိုပါတယ်။

“အကြမ်းဖက်လမ်းစဉ်ကို ရွေးချယ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမည်းစက်”

၂၀၂၁ ဖေဖော်ဝါရီ အာဏာထိန်းသိမ်းမှုမဖြစ်ခင် ရွေးကောက်ပွဲမဲမသမာမှုတွေ ဖြေရှင်းဖို့ တပ်မတော်ကတောင်းဆိုခဲ့ပြီး နောက်ဆုံးအချိန်အထိ ညှိနှိုင်းနေခဲ့သလိုမျိုးပဲ SAC အစိုးရ စတင်တာဝန်ယူစဉ်ကာလမှာလည်း နေပြည်တော်စည်ပင်ရိပ်သာက NLD ပါတီဝင်အများစုရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို သွားရောက်တွေ့ဆုံခဲ့ပြီး တရားဥပဒေနဲ့အညီ ရင်ဆိုင်ဖြေရှင်းဖို့ ရှင်းလင်းပြောဆိုခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပထမဆုံးအကြိမ် ဖွင့်ဟလာခဲ့တာကို တွေ့ရပါတယ်။

ဒီနေရာမှာ ပြည်သူအချို့ဟာ ရွေးကောက်ပွဲမကျေလည်မှုဖြစ်တဲ့အချိန်ကတည်းက တပ်မတော်ရဲ့ မဲစစ်ဆေးမှုဖြစ်စဉ်တွေအပေါ် “မဲမသမာမှုမလုပ်ရင် မလုပ်ကြောင်း၊ လုပ်ထားရင်လည်း ညှိနှိုင်းစေချင်ကြ” တဲ့အမြင်မျိုးရှိခဲ့ကြပြီး နိုင်ငံ့အခြေအနေ Backwave မရိုက်စေဖို့ တိုက်တွန်းပြောခဲ့ကြသူတွေရှိသလို လွှတ်တော်ကိုယ်စားလှယ်တွေကို စည်ပင်ရိပ်သာမှာ ယာယီထိန်းသိမ်းထားချိန်မှာလည်း ပိုဆိုးတဲ့အခြေအနေဖြစ်မလာဖို့ အေးချမ်းစွာနေစေချင်သူတွေ ရှိပါတယ်။ ဒါပေမဲ့ အာဏာထိန်းသိမ်းမှုရဲ့ နောက်ဆက်တွဲမှာ အဂတိလိုက်စားခဲ့သူတွေ၊ ငါးနှစ်အတွင်းမှာ စားစရာမရှိတဲ့ဘ၀ကနေ ထားစရာမရှိအောင် ချမ်းသာခဲ့သူတွေရဲ့ အရေးယူခံရမှာကြောက်စိတ်တွေက ဆူပူအုံကြွမှုနဲ့ ပိုမိုဆိုးရွားတဲ့နိုင်ငံရေးအခြေအနေကို ဦးတည်ခဲ့စေတယ်ဆိုတာ လက်ရှိအချိန်မှာ နစကရဲ့ ဥပဒေဘောင်အတွင်း အေးချမ်းစွာ ရင်ဆိုင်ဖြေရှင်းနေတဲ့ NLD အမတ်တွေ၊ ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေက သက်သေပြပါတယ်။

လက်ရှိအချိန်မှာ ဥပဒေဘောင်အတွင်းက အေးချမ်းစွာဖြေရှင်းနေသူတွေဟာ အဂတိလိုက်စားမှုမရှိသူတွေအဖြစ် မှတ်ယူနိုင်မှာဖြစ်သလို အချို့ကလည်း နစက ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေတောင် ရယူနေပေမဲ့ ဥပဒေနဲ့အညီမဖြေရှင်းခဲ့တဲ့သူတွေကတော့ လူ ၂၅၀၀၀ ကျော် သတ်ထားပြီးပါပြီလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလကိုယ်တိုင် ဝန်ခံထားတဲ့ အကြမ်းဖက်မှုအမည်းစက်တွေနဲ့ တွေ့နေရပြီး တစ်ချိန်မှာ တာဝန်ခံရမယ်ဆိုတဲ့အခြေအနေကိုလည်း မြင်သာစေခဲ့ပါတယ်။

“နှစ်နိုင်ငံဆက်ဆံရေးကို အထောက်အပံ့ကောင်းဖြစ်စေတယ်ဆိုတဲ့ ရုရှားသမ္မတ”

ရုရှားနဲ့ မြန်မာနိုင်ငံအကြား ရရှိထားပြီးဖြစ်တဲ့ သဘောတူညီချက်တွေက နှစ်နိုင်ငံပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ ဒေသအတွင်းတည်ငြိမ်မှု၊ လုံခြုံမှုတိုးမြှင့်စေရေးအတွက် နယ်ပယ်စုံမှာရှိတဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုဖွံ့ဖြိုးတိုးတက်စေဖို့ အထောက်ကူညီဖြစ်စေမယ်လို့ ယုံကြည်ကြောင်း ရုရှားသမ္မတပူတင်က ပြောကြားလာပါတယ်။

ဘယ်လိုပဲ ဝေဖန်ကြပါစေ။ ရုရှားနဲ့ မြန်မာနိုင်ငံအကြားမှာ အရင်ကထက် နီးစပ်လာတာတွေရှိသလို လက်ရှိအချိန်မှာလည်း ရုရှားက FEFU တက္ကသိုလ် မြန်မာနိုင်ငံမှာ ဖွင့်လှစ်ဖို့ ပြင်ဆင်လာတာ၊ နျူကလီးယားကို ငြိမ်းချမ်းစွာအသုံးချဖို့နဲ့ လျှပ်စစ်မီးအတွက် သုံးစွဲဖို့ ပြင်ဆင်လာနိုင်တာ၊ ဒေသတွင်းအကြမ်းဖက်မှုကာကွယ်ရေး၊ တိုက်ဖျက်ရေးကဏ္ဍတွေမှာ ရုရှားရဲ့ အကူအညီတွေရလာနေတာဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဖျက်ဆီးမဲ့သူတွေ ဝိုင်းနေတဲ့ကာလမျိုးမှာ အဟန့်တစ်ခုတော့ ရလာမယ့် အခြေအနေပါ။ ဒီအခြေအနေဟာ မကြိုက်သူတွေ ရှိနေပေမဲ့လည်း ကိုယ့်နိုင်ငံကို အမေရိကန်က ကျုးကျော်တိုက်ခိုက်လို့ ဆီးရီးယားလို၊ အီရတ်လို၊ အာဖဂန်နစ္စတန်လို စစ်တလင်းဖြစ် နိုင်ငံလည်း ပြန်လည်မထူထောင်နိုင် ပြည်သူတွေကလည်း လက်နက်ကိုင်မြင်သမျှ ကြောက်နေရတဲ့အဖြစ်မျိုး မဖြစ်နိုင်တော့ဘူးလို့ ချိန်ဆကြတာကြောင့်လည်း ဒီနီးစပ်မှုအပေါ် ထောက်ခံမှုကတော့ အင်အားကောင်းတာလည်း မြင်ရပါတယ်။

”အာဆီယံဥက္ကဋ္ဌနေရာယူတဲ့ အင်ဒိုနီးရှား ရွေးရမဲ့လမ်း”

ကမ္ဘောဒီးယားအခြေစိုက် ခမာတိုင်းမ် သတင်းဌာနမှာ Royal Academy of Cambodia ရဲ့ နိုင်ငံရေးသုတေသီတစ်ဦးဖြစ်တဲ့ Seun Sam သုံးသပ်ရေးသားထားတဲ့ Which approach will Indonesia use to address the problem in Myanmar? ဆောင်းပါးမှာဆိုရင် အင်ဒိုနီးရှားနိုင်ငံ အာဆီယံဥက္ကဋ္ဌ တာဝန်ယူချိန်အတွင်း မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မလားဆိုတဲ့အချက်ကို သုံးသပ်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ် အာဆီယံဥက္ကဋ္ဌဖြစ်ခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံဟာ အတိုက်အခံအဖွဲ့စည်းဖြစ်တဲ့ NUG ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးတာထက် နစက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ခွင့်ပြုချက်တွေရယူနိုင်ဖို့ အမြဲတမ်းကြိုးပမ်းနေခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ နစကကို ချန်လှပ်ခဲ့တာကြောင့် ရလဒ်မကောင်းခဲ့တာ မြင်ရပါတယ်။

အင်ဒိုနီးရှား အာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူချိန်မှာ နစကကို ငြင်းပယ်ပြီး NUG ကို အာဆီယံအတွက် မြန်မာကိုယ်စားလှယ်အဖြစ် အသိမှတ်ပြုမလားဆိုတဲ့မေးခွန်းတွေလည်းရှိနေဆဲပါ။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက အာဏာထိန်းသိမ်းမှုစတင်ခဲ့ပြီးနောက်ပိုင်းကနေ အခုအချိန်အထိ နိုင်ငံအသီးသီးရဲ့သံရုံးတွေ ဆက်လက်ရှိနေဆဲဖြစ်ကာ နစကနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်ရှိနေဆဲဖြစ်တယ်လို့  Seun Sam က သုံးသပ်ခဲ့သလို အင်ဒိုနီးရှားနိုင်ငံရဲ့သံရုံးကလည်း မြန်မာနိုင်ငံမှာ ဆက်လက်ရှိနေဆဲပါလို့ သူက ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ တရုတ်၊ အိန္ဒိယနိုင်ငံတို့အကြား အပြန်အလှန်ကုန်သွယ်မှုတွေ ဆက်လက်ရှိနေတဲ့အပြင် အရင်ထက်ပိုမိုတိုးမြင့်လာနေသလို မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ နိုင်ငံတွေဟာ နိုင်ငံကိုလက်ရှိအုပ်ချုပ်နေသူတွေနဲ့သာ တစ်စိုက်မတ်မတ် ပူးပေါင်းဆောင်ရွက်နေတဲ့အပြင် မြန်မာနိုင်ငံကို ဦးဆောင်မယ့်အောင်နိုင်သူကိုပဲ စိတ်ဝင်စားနေကြပြီး NUG ကို အသိအမှတ်ပြုမထားဘူးလို့လည်း Seun Sam က ရှုမြင်ပါတယ်။

အင်ဒိုနီးရှားဟာ အာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူချိန်မှာ  NUG ကို တရားဝင်အသိမှတ်ပြုပြီး အာဆီယံအစည်းအဝေးတွေမှာ မြန်မာကိုယ်စားပြုအဖြစ် ထိုင်ခုံနေရာပေးခဲ့မယ်ဆိုရင် အဲဒီအချက်က မြန်မာနိုင်ငံမှာ နစက တာဝန်ယူပြီးနောက်ပိုင်း အာဆီယံအတွက် ဆိုးရွားတဲ့ ပုံရိပ်တစ်ခုဖြစ်လာနိုင်သလို နစကဟာ လက်ရှိအချိန်မှာ တရုတ်၊ အိန္ဒိယ၊ ရုရှားလိုမျိုး ကမ္ဘာစူပါပါ အင်အားကြီးနိုင်ငံတွေနဲ့အပြင် အာဆီယံဒေသအတွင်း အဖွဲ့ဝင်နိုင်ငံအချိုနဲ့လည်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေကို ပွင့်လင်းစွာလုပ်ကိုင်နေတာကြောင့် အင်ဒိုနီးရှားကသာ NUG ကို အာဆီယံအစည်းအဝေးတွေမှာ မြန်မာကိုယ်စားပြုအဖြစ် ထိုင်ခုံနေရာပေးခဲ့မယ်ဆိုရင် အာဆီယံ အတွက် မကောင်းတဲ့ မြင်ကွင်းတစ်ခုဖြစ်လာဖွယ်ရှိနေပါတယ်။ NUGဟာ လက်ရှိအချိန်မှာ မြန်မာနိုင်ငံနဲ့ပတ် သက်တဲ့ တာဝန်တစ်စုံတရာ မရှိသလို နစကကို စိန်ခေါ်နိုင်ဖို အရင်းမြစ်နည်းပါးနေတယ်လို့လည်း Seun Sam က ထောက်ပြခဲ့ပါတယ်။

အင်ဒိုနီးရှားဟာ အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ အာဆီယံမိတ်ဖက်အဖွဲ့စည်းတွေကို အိမ်ရှင်အဖြစ်လက်ခံပြီး အာဆီယံအစည်းအဝေးတွေ ကျင်းပရာမှာ နစကကို မသိကျိုးကျွံမျက်ကွယ်ပြုနေမယ်ဆိုရင်လည်း မြန်မာ့နိုင်ငံရေးပြဿနာကို ပြေလည်အောင်ဖြေရှင်းနိုင်မှာမဟုတ်သလို ဘာအကျိုးအမြတ်မှ ရမှာလည်း မဟုတ်ပါဘူး။ ဒါ့အပြင် အင်ဒိုနီးရှားဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူချိန်မှာ နစကကို မျက်ကွယ်ပြုမယ်ဆိုရင် မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်နေတဲ့ အင်ဒိုနီးရှားသံအမတ်ကြီးကိုပြန်ခေါ်ယူမလား။ မြန်မာနိုင်ငံကို လက်ရှိတာဝန်ယူနေတဲ့နစကကို လက်တုံပြန်မှုအဖြစ် စစ်ကြေညာမလား ၊ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေကို နစကနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေကို တားဆီးပိတ်ပင်မလား ဆိုတဲ့အချက်တွေကလည်း မေးခွန်းထုတ်စရာဖြစ်နေတယ်လို့လည်း Seun Sam က သုံးသပ်ပါတယ်။

တကယ်တော့ အင်ဒိုနီးရှားနိုင်ငံဟာလည်း မြန်မာနိုင်ငံနဲ့ နိုင်ငံရေးနောက်ခံဆင်တူပြီး သူတို့နိုင်ငံကလွှတ်တော်ထဲက စစ်တပ်ကို ဖယ်ထုတ်ခဲ့ချိန်မှာ “အင်ဒိုနီးရှား ပြည်သူလူထုက မင်းတို့ရဲ့ ဖြစ်တည်မှု ငါတို့လေးစားလက်ခံတယ်။ မင်းတို့စစ်တပ်ကို လွှတ်တော်ထဲမရှိစေချင်တဲ့ ငါတို့ဆန္ဒကိုလည်း မင်းတို့လေးစားပါ”ဆိုတဲ့ ပြည်သူနဲ့ စစ်တပ်အကြား အပြန်အလှန်လေးစားမှုကနေ ဒီမိုကရေစီရင့်သန်လာခဲ့တာမို့လို့ အင်ဒိုနီးရှားအာဆီယံဥက္ကဋ္ဌတာဝန်ယူချိန်မှာ မြန်မာ့အရေးပြေလည်အောင် ဖြေရှင်းနိုင်ခဲ့တယ်ဆိုတဲ့ ဂုဏ်တင့်ချင်ရင်တော့ အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ မြန်မာကို ဖယ်မထုတ်ဘဲ တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီးမှ အာဆီယံမူငါးချက် ဆက်လက်အကောင်အထည်ဖော်ရင် ပိုအောင်မြင်နိုင်မယ်ဆိုတာ တွေးဆသင့်တယ်လို့ သုံးသပ်မိရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *