April 28, 2024

၉. ၁. ၂၀၂၃
MT News Editorial

၂၀၂၃ ရွေးကောက်ပွဲအတွက် အိမ်ထောင်စုလူဦးရေစာရင်းကို ယနေ့ စတင်ကောက်ခံရာ ယနေ့တွင်ပင် လောင်းလုံးမြို့နယ် ကမြောကင်းကျေးရွာတွင် စာရင်းကောက်ခံနေသည့် Working Group ကို NUG ၏ ဩဇာခံလောင်းလုံးပကဖနှင့် ထားဝယ်ပကဖတို့က ချောင်းမြောင်းပစ်ခတ်ကြသဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး အသက်ပေးရကာ တစ်ဦးဒဏ်ရာရခဲ့သလို လက်နက်များလည်း သိမ်းယူခံရသည်ဟု ကြားသိရပေသည်။

အိမ်ထောင်စုလူဦးရေစာရင်းကောက်ခံရာတွင် တိုက်ခိုက်ရန် မလွယ်ကူသည့် မြို့ပေါ်ဒေသများ၌ပင် ညအချိန်ကောက်ခံရန် ခက်ခဲမည်ဖြစ်ရာ လုံခြုံရေးအရ စိတ်မချရသော ကျေးရွာများတွင် အိမ်ထောင်စုစာရင်း ကောက်ခံရမည့် နိုင်ငံ့ဝန်ထမ်းများမှာ အသက်ကို ဖက်နှင့်ထုပ်ကာ ကောက်ခံနေရသည့် အခြေအနေဖြစ်နေသည်ကိုလည်း စိတ်မကောင်းဖွယ်ရာ ကြားသိရပေသည်။

လက်နက်ကိုင်ဆောင်ထားသော လုံခြုံရေးတပ်ဖွဲ့များသည်ပင် ထိုသို့ချောင်းမြောင်းပစ်ခတ်ချိန်တွင် ကျဆုံးနေကြရရာ လက်နက်မပါဘဲ ကောက်ခံနေသော ဆရာ၊ ဆရာမများ၊ ထွေအုပ်ဝန်ထမ်းများ၊ လ၀ကများ၊ ရပ်ကျေးများ၊ အရန်မီးသတ်တပ်ဖွဲ့များ စသည်တို့အတွက်မူ ပိုမိုခဲခက်ရပေမည်။

အခြားတစ်ဖက်တွင်မူ ထိုသို့ Working Group များကို လိုက်လံပစ်ခတ်တိုက်ခိုက်နေသော NUG, PDF နှင့် EAOs များကလည်း နိုင်ငံ့တာဝန်ထမ်းဆောင်နေသော လက်နက်မဲ့ဝန်ထမ်းများကို ပြည်သူ့တာဝန်ကျေပြွန်မှုကြောင့် ကျည်ဆုချီးမြှင့်ကာ အသက်နှုတ်ယူနေမှုမှာလည်း မဖြစ်သင့် မဖြစ်ထိုက်သော လုပ်ရပ်ဖြစ်သလို အကြမ်းဖက်အဖွဲ့အစည်းဟု ထုတ်ပြန်ခံရ တံဆိပ်ကပ်ခံနေရသော ဖြစ်စဉ်ဖြစ်ရပ်များကိုလည်း ပိုမိုအားကောင်းစေမည့်အပြင် တစ်ချိန်တွင် တာဝန်ယူ၊ တာဝန်ခံရမည်ကိုလည်း သတိချပ်စေလိုပါသည်။

ဥပမာအားဖြင့် ဆရာ၊ ဆရာမနှင့် ရပ်ကျေးများ၊ ဝန်ထမ်းများ၊ လဝကများ၊ ထွေအုပ်များက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငါးသိန်းခန့်အင်အားသုံးကာ အိမ်ထောင်စုစာရင်းကောက်မည်ဆိုပါက ထိုပမာဏများမှ ထက်ဝက်ခန့်ကို NUG က သတ်ဖြတ်မှသာ ရွေးကောက်ပွဲပျက်စီးစေရေး အနည်းငယ်လုပ်ဆောင်နိုင်မည်ဖြစ်သော်လည်း ထိုပမာဏ၏ တစ်ဝက်မပြည့်ခင်ပင် စစ်ရာဇဝတ်မှုကျုးလွန်သူအဖြစ် ကမ္ဘာက ခုံရုံးတင်အရေးယူခံရနိုင်သည်ကိုလည်း သတိချပ်ရမည်ဖြစ်ပေသည်။

နိုင်ငံရေးဟု ဆိုရာတွင် တွက်ချက်၍စွန့်စားရသည့် အခြေအနေ(Calculated Risk) များလည်းရှိတတ်ပြီး ထိုသို့ တွက်ချက်စွန့်စားရမှုများမှာ အကျိုးဖြစ်ထွန်းမှုနည်းပါက မလုပ်အပ်ဟု ချိန်ဆတတ်သော နိုင်ငံရေးပိုင်းဆိုင်ရာ အသိဉာဏ်ပြည့်၀ရန် လိုအပ်ပြီး မလိုအပ်ဘဲ အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်သည့်နည်းလမ်းမှာ မကြာခင်လပိုင်းတွင် အမည်းစက်သဖွယ်ဖြစ်လာနိုင်သည်ကို ချိန်ဆရန် လိုအပ်သလို ရွေးကောက်ပွဲပြုလုပ်ရန် ကြိုးစားလိုသူများအနေဖြင့်လည်း နိုင်ငံ့ဝန်ထမ်းများ၊ တန်ဖိုးရှိသော အသက်များကို အချည်းနှီးမဖြစ်စေရန် ယခုထက်ပိုသော လုံခြုံမှုများဖြင့် စနစ်တကျဆောင်ရွက်ပေးစေလိုပါကြောင်းလည်း MT News သတင်းဌာနက တိုက်တွန်းအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *