MT News Editorial

အာဏာရယူထားသော အစိုးရတစ်ရပ်ကို မကျေနပ်သောကြောင့်ဖြစ်စေ၊ တမင်သက်သက် အခွန်ရှောင်လို၍ဖြစ်စေ၊ မိမိပေးဆောင်ရမည့် အခွန်အခများ မပေးဆောင်လို၍ဖြစ်စေ၊ အခွန်မဆောင်ခြင်းသည် အစိုးရတစ်ရပ်ကို ပြုတ်ကျနိုင်သည်ဟု ထင်မြင်ယူ​ဆ၍ဖြစ်စေ မည်သည့်အကြောင်းကြောင့် အခွန်ရှောင်ရှောင် ထောင်ခုနစ်နစ်အထိ ချမှတ်မည်ဟု သတိပေးကြေညာထားသည့်ကာလသည် လာမည့်သုံးရက်တွင် စတင်တော့မည်ဖြစ်သည်။

အခွန်ပေးဆောင်ရန် တာဝန်ရှိပါလျက် ပေးဆောင်မှုမပြုဘဲ အခွန်ရှောင်နေသူများကို စစ်ဆေးတွေ့ရှိပါက ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစကာ NLD အစိုးရပြဋ္ဌာန်းခဲ့သည့် ထောင်ခုနစ်နစ်အထိ ချမှတ်အရေးယူနိုင်မည့် အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေနှင့်ပင် အရေးယူတော့မည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနက ယခုနှစ် နိုဝင်ဘာ ၁၆ ရက်တွင် သတိပေးခဲ့ရာ လာမည့်သုံးရက်မှစတင် အသက်ဝင်တော့မည့် သတိပေးချက်လည်းဖြစ်ပေသည်။

၂၀၂၀ ပြည့်နှစ် ကိုဗစ်အကျပ်အတည်းနှင့် ၂၀၂၁ နိုင်ငံရေးအကျပ်အတည်းကြောင့် အခက်အခဲများ ရှိခဲ့ကြသည်မှန်သော်ငြား အချို့သောလုပ်ငန်းရှင်များမှာ အစိုးရတစ်ရပ်ကို မကြိုက်နှစ်သက်၍ ယင်းတို့လက်ခံသည့်အစိုးရတက်လာချိန်မှ အခွန်ဆောင်မည်ဟု ကြွေးကြော်ပြခဲ့သည်များလည်းရှိရာ ထိုသို့သော အခွန်ရှောင်သူများမှာမူ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေနှင့်သာမက ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့်လည်း အရေးယူခံရနိုင်မည်ဖြစ်ပြီး ထိုဥပဒေအရ ငွေကြေးခဝါချမှုပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရပါက ထောင်ဆယ်နှစ်အထိ ကျခံရနိုင်ကာ ဒဏ်ငွေလည်းကျပ်သန်းရာချီ တပ်ရိုက်နိုင်သော ဥပဒေဖြစ်ပေသည်။

ယခင်က မြန်မာနိုင်ငံတွင် ကျပ် ဘီလျံ ၇၀၀၀ နှင့် ၈၀၀၀ ကျော်အကြား အခွန်ရရှိနေရာမှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီဖြစ်စဉ်အပြီးတွင် အခွန်ရရှိမှု ၄၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားကာ လက်ရှိကာလ အခွန်ရရှိမှုမှာ ကျပ် ဘီလျံ ၅၀၀၀ ပတ်လည်သာ ရှိလာနေသကဲ့သို့ နိုင်ငံရေးဖြစ်စဉ်အပေါ် အကြောင်းပြ အခွန်တိမ်းရှောင်မှုများ၊ အခွန်မဆောင်မှုများ များပြားခဲ့၍လည်း ထိုသို့ ကြပ်မတ်လာရခြင်းဖြစ်ပေသည်။

“အခွန်ဘဏ္ဍာကို တိုင်းသူပြည်သားတို့က မပေးဘဲငြင်းဆန်ခြင်းသည် တိုင်းပြည်၊ နိုင်ငံ၏ စီးပွားရေးကို အစိပ်စိပ်အမြွှာမြွှာဖြစ်အောင် ဖြိုခွဲဖျက်ဆီးပစ်ခြင်းပင်ဖြစ်၍ ဤသို့ နိုင်ငံ့စီးပွားရေးကြီးပြိုကွဲသွားပါက နောက်ဆုံး၌ အများဆုံးအနစ်နာခံရမည့်သူတို့မှာ တိုင်းသူပြည်သား လူထုပင်ဖြစ်သည်” ဟု လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဆိုမိန့်ခဲ့ဖူးပေသည်။

လက်ရှိအခြေအနေနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါကလည်း တော်လှန်ကြမည်ဟုဆိုကာ မီတာခများ ပေးဆောင်မှုမရှိခြင်း၊ လျှပ်စစ်ရုံးများ၊ တာဝါတိုင်များ ဖြိုဖျက်ခံရပါက အားပေးခြင်းတို့ကြောင့် လျှပ်စစ်မီးများ ပြတ်တောက်လေရာ မီးမရသဖြင့် ထိခိုက်သည်မှာ ပြည်သူသာဖြစ်ပြီး ထိုသို့ ဖောက်ခွဲဖျက်ဆီးခံထားရသော လျှပ်စစ်ရုံးများ၊ တာဝါတိုင်များကိုလည်း ပြည်သူ့ဘဏ္ဍာမှပင် ပြင်ဆင်ရဦးမည်ဖြစ်လေရာ နိုင်ငံနှင့်ပြည်သူသာ မိအေးနှစ်ခါနာသကဲ့သို့ ဖြစ်ရချေပေသည်။

မည်သို့ပင်ဆိုစေကာမူ မကြာမီရက်ပိုင်းတွင် အခွန်ရှောင်နေသူများကို စိစစ်ကြပ်မတ်တော့မည်ဖြစ်ရာ လုပ်ငန်းမလည်ပတ်နိုင်၊ အရှုံးပေါ်နေသဖြင့် အခွန်မဆောင်နိုင်သူများမှအပ ရည်ရွယ်ချက်ရှိရှိ အခွန်ရှောင်ကြသူများမှာ နှစ်ပေါင်းများစွာ ထောင်ကျနိုင်မည့် အန္တရာယ်လည်း ရှိလာနေသည့်အပြင် အခွန်ဆိုသည်မှာ မည်သည့်ကာလကပင်ရှောင်ရှောင်၊ မည်သည့်အစိုးရပင်တက်တက် ပျက်ကွက်မှုများအားလုံးအတွက် ထပ်ကြပ်မကွာ စိစစ်ကောက်ခံနိုင်သည်ဖြစ်သည့်အတွက် နာမည်အပျက်ခံ၍ အခွန်ရှောင်ကြမည့်အစား ဆောင်သင့်ဆောင်ထိုက်သည့်ပမာဏ ပေးဆောင်ကြကာ ဂုဏ်သိက္ခာမပျက်ယွင်းရေး ကြိုးစားကြသင့်သည်ဟုလည်း MT News သတင်းဌာနက တိုက်တွန်းအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *