၃၀. ၁၂. ၂၀၂၂
Written by Nay Moe

SAC ၏ NSPNC နှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ခြေဥမှ အချက် ၁၀ ချက်ပြင်ဆင်ရေးအပါအဝင် သဘောတူညီချက်လေးချက်ရရှိခဲ့ပြီး အောင်မြင်သော ဆွေးနွေးပွဲဖြစ်ခဲ့ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ EAOs (၅)ဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖေါ်ဆောင်မှု၊ ညှိနှိင်းရေးကော်မတီ (NSPNC)၏ ဖိတ်ကြားချက်အရ PPST အဖွဲ့ဝင် EAOs (၅)ဖွဲ့ (ALP, DKBA, KNU/KNLA P.C, LDU, PNLO) မှ ကိုယ်စားလှယ်များနှင့် NSPNC တို့ ဒီဇင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တွင် ဆွေးနွေးရာ သဘောတူညီချက်(၄)ချက်ကို ရရှိခဲ့သည်။

ယင်းသဘောတူညီချက်(၄)ချက်တွင် ယေဘုယျအားဖြင့် ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ်ကို လက်ခံခြင်း (Political System)၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ခြင်း (Form of State)၊ ပြည် ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး (Peace and Development) တရားဥပဒေစိုးမိုးရေး၊ ဒေသတည်ငြိမ်ရေး၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲများ ကျင်းပနိုင်ရေးနှင့် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တိုက်ရိုက်စနစ်-လျှို့ဝှက်မဲပေးစနစ်ဖြစ်ခြင်း၊ တစ်နိုင်ငံလုံး၌ တစ်ပြိုင်နက်တည်းဖြစ်ခြင်းဟူသော ရွေးကောက်ပွဲစံချိန်စံညွန်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး (Rule of Laws, Stability and Multi Party general election convening with free, fair, direct, secret and general)၊ အဆိုပါ သဘောတူညီချက် (၄)ချက်အနက် (၂၀၀၈) ဖွဲစည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် (၁၀) ချက်ပါ၀င်ပြီး၊ ၎င်း(၁၀)ချက်ပါ ပြင်ဆင်မည့်စာတမ်းကို “အဆိုပြုချက် (မူကြမ်း)” များအဖြစ် ထားရှိရန် နှစ်ဦးနှစ်ဖက် သဘောတူခဲ့ကြသည်ဟု ထုတ်ပြန်သည်။

ထို့အတူ နှစ်ဦးနှစ်ဖက်သဘောတူကြသည့်မှတ်တမ်း (၅) ရပ်လည်းရှိခဲ့ပြီး ထိုငါးရပ်မှာ PPST အဖွဲ့ဝင်(၇)ဖွဲပါဝင်သော “အလွတ်သဘောဆွေးနွေးညှိနှိင်းရေးအဖွဲ့နှင့် NSPNC ၏ ကိုယ်စားလှယ်အဖွဲ့တို့ အမြန်ဆုံးတွေ့ဆုံနိုင်ရေး၊ ပဋိပက္ခများလျှော့ချရေးနှင့် ပြည်ထောင်စုတည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တနေသော စစ်မှန်သည့် ငြိမ်းချမ်းရေးရရှိရန်အတွက် NCA လမ်းကြောင်းအတိုင်း လုပ်ငန်းစဉ်များ နှစ်ဦးနှစ်ဖက် ချမှတ်ဆောင်ရွက်သွားရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အမျိုးသားလုပ်ငန်းစဉ် (National Ownership) ဖြစ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်း (Joint Ownership)ဖြစ်ခြင်း၊ NCA လက်မှတ်ရေးထိုးထားသော EAOs အဖွဲ့များနှင့် NCA လက်မှတ်ရေးထိုးရန် အဆင့်သင့်မရှိသေးသည့် EAOs အဖွဲ့များအားလုံး ပူးပေါင်းပါဝင်လာနိုင်ရန် နှစ်ဦးနှစ်ဖက် ကြိုးပမ်းသွားရေး၊ NCA ပြဋ္ဌာန်းချက်ပါ အရပ်သားများကို အကာအကွယ်ပေးခြင်း (Civilian Protection) အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရေး(Humanitarian Assistance) ကိစ္စရပ်များကို နှစ်ဦးနှစ်ဖက်ကြိုးပမ်းဆောင်ရွက်သွားရေး၊ နှစ်ဦးနှစ်ဖက်အကြေအလည်ညှိနှိင်းပြီး သဘောတူညီချက် ရယူသော “မူ” ကို လက်ခံပြီး ဆက်လက်ကျင့်သုံးသွားရေး စသည့်အချက်များ ပါဝင်ပါသည်။

ယင်းအပြင် PPST အဖွဲ့ဝင်(၅)ဖွဲ့၏ ကိုယ်စားလှယ်အဖွဲနှင့် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့၏ ပဏာမရရှိထားသော မှတ်တမ်း(၅)ရပ်၊ သဘောတူချက် (၄)ရပ်တို့သည် တစ်နိုင်ငံလုံးပြည်သူလူထုတစ်ရပ်လုံးနှင့် EAOs များအားလုံးအတွက် ဘုံအကျိုးစီးပွားကို ရည်မှန်း၍ နှစ်ဦးနှစ်ဖက် အကြေအလည် ဆွေးနွေးညှိနှိင်း ရရှိထားသော အချက်များဖြစ်သည်။ ထို့ကြောင့် ဆွေးနွေးပွဲသည် တစုံတရာ အောင်မြင်မှုရှိသော ဆွေးနွေးပွဲဖြစ်ကြောင်း PPST အဖွဲ့ဝင်(၅)ဖွဲ့၏ ကိုယ်စားလှယ် အဖွဲ့ (Delegation) က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *