၃၀.၁၂.၂၀၂၂
Written By Thandar

ငါရဲ့လမင်း၊ မလာပါနဲ့၊ လက်ခံပေးပါစတဲ့ ပရိသတ်အားပေးအခိုင်အမာရရှိထားတဲ့သီချင်းတွေကို ဖန်တီးခဲ့တဲ့ တေးရေး တေးဆို ရယ်ဂျီဟာ ယနေ့ မနက် ၁ နာရီခွဲက နှလုံးထဖောက်ပြီးတော့ နေထိုင်ရာ ရန်ကုန်မြို့ အင်းစိန်နေအိမ်မှာ ကွယ်လွန်သွားခဲ့တယ်လို့ သမီးဖြစ်သူ ဒါဒါက MT News ကို ပြောပါတယ်။.

“ပါ့ပါးကတော့ နှလုံးက မွေးရာပါအဆိုရှင် အဖုံးမလုံတာပါ။ တကယ်တော့ အသက် ၄၀ ကျော်မှ သိခဲ့ကြတာပါ။ နှလုံးကြပ်တော့ ဆရာဝန်နဲ့ပြဖြစ်တယ်။ တစ်ပတ်ပဲရှိသေးပါတယ် ဆရာဝန်ကို ပြဖြစ်တာပါ။ ဆေးတွေ စစ်ဆေးနေတုန်းပါပဲ။ ဆေးစစ်ပြီး အဖြေတောင် ပါးပါးက မသိရသေးပါဘူး။ ညပိုင်းကမှ နှလုံးထဖောက်ပြီးတော့ ဆုံးသွားတာပါ”လို့ သမီးဖြစ်သူက ပြောပါတယ်။

သွေးအဖြေကိုလည်း ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက စစ်ဆေးမူတွေ ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ ဆေးစစ်ချက်အဖြေကိုလည်း မသိရသေးဘူးလို့ သိရပါတယ်။ လက်ရှိအချိန်မှာ တေးရေး တေးဆို ရယ်ဂျီကတော့ ဘုရားသီချင်းတွေ၊ တေးသီချင်းသစ်တွေလည်း ရေးသားနေလျက်ရှိတယ်လို့ သိရပါတယ်။

သမီးအကြီးဖြစ်သူက ကိုရီးယားရောက်နေပြီးတော့ မြန်မာပြည်မှာတော့ အမျိုးသမီးဖြစ်သူနဲ့ သမီး ၂ ယောက်ကျန်ရှိခဲ့တယ်လို့ သိရပါတယ်။ အသက် (၄၈) နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တဲ့ ရယ်ဂျီရဲ့ စျာပနကိုတော့၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့မှာ အင်းစိန်မြို့နယ် မြို့သစ်ရပ်ကွက် (က/၄) လမ်းရှိ နေအိမ်ကနေ ကားတွေထွက်ရှိပြီးတော့ ထိန်ပင်က ခရစ်ယာန်သုသာန်မှာ သင်္ဂြိုလ်သွားမှာ ဖြစ်ပါတယ်။

“မမကလည်း ကိုရီးယားရောက်နေတယ်။ သူလည်း တော်တော်လေးကို ပါးပါးအတွက် မယုံနိုင်ဘူး ဖြစ်သွားပါတယ်။ ရုတ်တရက်ကြီးဆိုတော့။ မနေ့က ၁၀ နာရီလောက်က မိသားစုတွေ Video Call ပြောဖြစ်ကြပါသေးတယ်။ မိသားစုတွေလည်း ပျော်ပျော်ပါးပါးကြီး စကားတွေ ပြောနေသေးတာပါ။ မနက်ဖြန် ပါးပါးက ဘုရားကျောင်းတက်ဖို့ ပြောဖြစ်ခဲ့သေးပါတယ်။ မနေ့က မနက်ပိုင်းက မီးကို ပါးပါးကစိတ်ဆိုးနေတာ။ ပါးပါးကို ဘာမှ စိတ်မပူနဲ့ အားလုံးကို စိတ်ချပြီးတော့ သွားပါလို့ ပြောချင်ပါတယ်”လို့ ဒါဒါက ဆက်လက်ပြောပါတယ်။

ရယ်ဂျီရေးခဲ့တဲ့ သီချင်းတွေထဲမှာ လူငယ်ထုရင်ထဲရောက်ပြီး အောင်မြင်ခဲ့တဲ့ သီချင်းအများအပြားရှိပြီး မျိုးကြီးသီဆိုတဲ့ မလာပါနဲ့သီချင်း၊ လေးဖြူသီဆိုတဲ့ ငါ့ရဲလမင်း သီချင်းတွေအပြင် ကြိုနှင့်တော့၊ ဒါ အချစ်လား၊ လက်ခံပေးပါ၊ အချစ်ငှက်ငယ်၊ ဓာတ်ပြားဟောင်းကြီး စတဲ့ သီချင်းကောင်းတွေကို ရေးခဲ့သားဖန်တီးခဲ့သူလည်း ဖြစ်ပါတယ်။ ရယ်ဂျီဟာ Melody world သီချင်းဆိုပြိုင်ပွဲမှာလည်း ဒိုင်အနေနဲ့ ပါဝင်လုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *