ဒေါက်တာနန္ဒမာလာဘိဝံသ

MT news

Written by Tha Doe

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ စီစဥ်သည့် သုတဓမ္မဒီပလိုမာ ပထမအကြိမ် စာမေးပွဲအား ဝင်ရောက်ဖြေဆိုရန် လျှောက်ထားသူ ၅၀၀၀ ကျော် ရှိနေသည်ဟု သိရသည်။

ဒေါက်တာနန္ဒမာလာဘိဝံသ တည်ထောင်ခဲ့သည့် ပညာဘူမိတက္ကသိုလ်၏ ပညာဘူမိတက္ကသိုလ် သုတဓမ္မဒီပလိုမာနှင့် သုတဓမ္မဂဝေသီ (BA)ဘွဲ့ ကိုကျောင်းတက်စရာမလိုဘဲ စာမေးပွဲဖြေဆိုအောင်မြင်ခြင်းဖြင့် ရယူနိုင်မည်ဖြစ်ကာ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်၂၀၂၂-ဇွန်လ ၆- ရက် တနင်္လာနေ့ကစ၍ ဖွင့်လှစ်ထားပြီး ပညာဘူမိတက္ကသိုလ်က ပြဌာန်းထားသော Level ( ၁၊ ၂၊ ၃) စာအုပ်များကိုကိုယ်တိုင်လေ့လာသင်ယူကာ ခြောက်လတစ်ကြိမ်ကျင်းပမည့် စာမေးပွဲများ မပျက်မကွက်ဖြေဆို၍ သုတဓမ္မဒီပလိုမာရယူရမည်ဖြစ်သည်။ ဆက်လက်၍ သုတဓမ္မဂဝေသီ (BA) တန်းအတွက် ပြဌာန်းထားသော စာအုပ်များကိုဖတ်ရှုလေ့လာ၍ တစ်နှစ် တစ်ကြိမ် စာမေးပွဲဖြေဆိုကာစာမေးပွဲ နှစ်ကြိမ်အောင်မြင်ပါက သုတဓမ္မဂဝေသီ(BA) ဘွဲ့အပ်နှင်းမည်ဖြစ်သည်။

”ပထမဆုံးအကြိမ်စတင်ဖွင့်တဲ့ သုတဓမ္မဒီပလိုမာတန်းအတွက် နောက်ဆုံးရက် စက်တင်ဘာ ၃၀ အထိ လျှောက်ထားသူ ၅၀၀၀ ကျော်ရှိပြီး ဖြေဆိုခွင့်ရမဲ့သူစာရင်းကို စိစစ်နေပါတယ်။ ဖြေဆိုရမဲ့သူတွေက သတ်မှတ်ထားတဲ့ ပြဌာန်းစာအုပ်တွေလေ့လာပြီး ဖြေဆိုရမဲ့အချိန်မှာ လူကိုယ်တိုင်လာဖြေရမှာပါ။ ဖြေရမဲ့စာရင်းကိုလည်း Website, Facebook မှာ ခုံနံပါတ်၊ ဖြေရမဲ့နေ့၊ အချိန် ထုတ်ပြန်ပေးမှာဖြစ်လို့ သေချာစောင့်ကြည့်မှတ်သားဖို့ လိုအပ်ပါတယ်” ဟု သင်တန်းကြီးကြပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ သုတဓမ္မဒီပလိုမာတန်း Level- 1 အတွက် အသက်ကန့်သတ်ချက်၊ ပညာအရည်အချင်းကန့်သတ်ချက် မထားရှိဘဲ ပါမောက္ခချုပ်ဆရာတော်ဘုရား၏ ဘဝခရီးဝယ်ရွေးချယ်ရမည့်လမ်း၊ မြတ်ဗုဒ္ဓဒေသနာနှင့် ယနေ့ကမ္ဘာ၊ စိတ်၏အညစ်အကြေးများကို ဖယ်ရှားခြင်း၊ မေတ္တာသုတ် အနှစ်ချုပ်၊ သမထနှင့် ဝိပဿနာစာအုပ်များကို ကိုယ်တိုင်လေ့လာဖြေဆိုရမည်ဖြစ်သည်။

ပါမောက္ခချုပ်ဆရာတော်ကြီးအနေဖြင့် ရည်ရွယ်ချက် သုံးရပ်ချမှတ်၍ ပညာဘူမိတက္ကသိုလ်ကို တည်ထောင်တော်မူခဲ့ခြင်းဖြစ်ပြီး အဆိုပါရည်ရွယ်ချက်များမှာ (၁) ပါဠိဘာသာနှင့် ဗုဒ္ဓတရားတော်များသင်ကြားရေး (ဤတက္ကသိုလ်မှ မြတ်ဗုဒ္ဓ၏စစ်မှန်သော တရားဓမ္မအဆုံးအမများကို မြန်မာပြည်သူများအားလုံး သိရှိလိုက်နာကျင့်သုံးနေထိုင်ခြင်းဖြင့် လောကဓမ္မရေးရာ နှစ်ဖြာ တို့တွင် ကောင်းကျိုးချမ်းသာများရရှိစေရန်)၊ (၂) ရှေးဟောင်းပါဠိပြန်စာပေများ တည်တန့်ပြန့်ပွါးရေး၊ ပိဋကတ်သုံးပုံစာပေကျမ်းဂန်တို့နှင့်ပတ်သက်၍ “အဟောင်းစု အသစ်ပြု” ဟူသောရည်ရွယ်ချက်အတိုင်း ရှေးဟောင်းကျမ်းစာတွေပြန်လည်ဖော်ထုတ်ရန် အတွက် တိမ်မြုပ်ပျောက်ကွယ်နေသော တိမ်မြုပ် ပျောက်လုနီးပါးဖြစ်နေသော မြန်မာနိုင်ငံဖြစ် ပါဠိကျမ်းစာများ မြန်မာနိုင်ငံရောက်ရှိပြီး ပါဠိကျမ်းစာများ, မူရင်း သက္ကတဘာသာမှ ပါဠိပြန်ဆိုသော ကျမ်းစာသစ်များပေါ်ထွက်စေရန်) နှင့် (၃) ပါဠိ၊ ပိဋကအထောက်အကူပြု ပါဠိမြန်မာ (အင်္ဂလိပ်) ကျမ်းများအသစ်ပြုစုရေး (မြန်မာပြည်အနှံရှိနေကြသည့် ရဟန်းသံဃာများအနေဖြင့် တတ်မြောက်ထားရှိပြီးသည့်အဆင့်များမှ ရှေးတိုးတတ်မြောက်ကြစေရန်၊ အရည်အသွေးမြင့် သုတေသနပါရဂူများ၊ ပါဠိစာပေပါရဂူများ ပိုမိုတိုးတက်များပြားလာစေရန်) စသည့်အချက်များဖြင့် ပညာဘူမိတက္ကသိုလ်ကို ထူထောင်ခဲ့ကြောင်း သိရသည်။

သုတဓမ္မဒီပလိုမာ ဖြေဆိုရန် လာရောက်လျှောက်ထားသူတစ်ဦးကို တွေ့ရစဥ်

Leave a Reply

Your email address will not be published. Required fields are marked *

Related News