April 20, 2024

ရန်ကုန်မြို့လယ်တွင် သွားလာနေသည့် ယာဥ်များကို တွေ့ရစဥ်

Written by Tha Doe

လျှပ်စစ်မော်တော်ယာဥ် တင်သွင်းခွင့်ပြုမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူအား အကောက်ခွန်၊ ဝင်ငွေခွန်ကင်းလွတ်ခွင့် သက်သာခွင့်များပေးမည်ဖြစ်ကြောင်း SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ဖြေကြားထားသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း လျှပ်စစ်သုံးယာဉ်များနှင့် ဆက်စပ်လုပ်ငန်းများ စတင်ဖွံ့ဖြိုးလာစေရေး၊ တင်သွင်းထုတ်လုပ်၊ အသုံးပြုပြေးဆွဲရန်အတွက် လိုအပ်သည့် မူဝါဒ၊ လုပ်ငန်းစဉ်များ၊ လမ်းညွှန်ချက်များချမှတ်နိုင်ရေး ညွှန်ကြားခြင်း၊ လမ်းညွှန်ခြင်းနှင့် အတည်ပြု ထုတ်ပြန်နိုင်ရေးအတွက်“ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးဆောင်ကော်မတီ” အား ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကာ ဖွဲ့စည်းထားသည်။

အဆိုပါကော်မတီ၏ လုပ်ငန်းဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရန် “လုပ်ငန်းကော်မတီ” (၅)ခုကို ဖွဲ့စည်းထားရှိပြီး အဆိုပါ လုပ်ငန်းကော်မတီ (၅)ခုအနက် “လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ရင်းနှီး မြှုပ်နှံမှုနှင့် တင်သွင်းတင်ပို့၊ တပ်ဆင်ထုတ်လုပ်မှု မြှင့်တင်ရေးလုပ်ငန်းကော်မတီ ” ဥက္ကဋ္ဌအဖြစ် ယခင်က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် စီးပွား/ ကူးသန်းဝန်ကြီးဌာနက Focal ဝန်ကြီးဌာနအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

”လက်ရှိမှာ ကော်မတီအနေနဲ့ သတ်မှတ် စံချိန်စံညွှန်းများနဲ့အညီ တင်သွင်းဖို့အတွက် လိုအပ်တဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်ဖို့ ဆောင်ရွက်နေပါတယ်။ လျှပ်စစ်သုံးယာဉ်နဲ့ ဆက်စပ်လုပ်ငန်းများကို ဦးစားပေး မြှင့်တင်မယ့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ (Promoted sector) မှာ ထည့်သွင်းသတ်မှတ်နိုင်ရန် အမိန့်ကြော်ငြာစာထုတ်ပြန်ဖို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အား တင်ပြရန် ဆောင်ရွက်လျက်ရှိပါတယ်။ ဦးဆောင်ကော်မတီမှ ရွေးချယ် သတ်မှတ်ထားတဲ့ ကုမ္ပဏီများအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့အညီ စိစစ်၍ မြန်ဆန်စွာ ခွင့်ပြုမိန့် ထုတ်ပြန် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုထားတဲ့ အကောက်ခွန်နဲ့ ဝင်ငွေခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်များကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံဥပဒေနဲ့ အညီ ရင်းနှီးမြှုပ်နှံသူများအား ခံစားခွင့်ပြုခြင်းဦးဆောင်ကော်မတီရဲ့ လမ်းညွှန်ချက်နဲ့အညီ ရင်းနှီးမြှုပ်နှံသူကုမ္ပဏီပုဂ္ဂလိက/ အစိုးရပုဂ္ဂလိက ဖက်စပ်နဲ့ သက်ဆိုင်ရာလုပ်ငန်း ကော်မတီများ၊ အစိုးရအဖွဲ့အစည်းများနဲ့ ဒေသဆိုင်ရာ အာဏာပိုင်များနဲ့ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ရန် စီစဉ်ထားရှိပါတယ်” ဟု SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ဖြေကြားသည်။

ဒေါ်လာစျေးမြင့်တက်မှု၊ SKD ယာဥ်ထုတ်လုပ်မှုများ ယာယီရပ်နားသွားခြင်းနှင့် ယာဥ်တင်သွင်းခွင့် ပိတ်ပင်ထားမှုများကြောင့် ပြည်တွင်းမော်တော်ယာဥ်စျေးကွက်တွင် အနှစ် ၂၀ ခန့် သက်တမ်းရှိသည့် ယာဥ်အိုများပင် ယခင်ကျပ်သိန်း ၁၅၀ ခန့်မှ ကျပ်သိန်း ၂၅၀ ခန့်အထိ စျေးနှုန်းဆွဲတင် အရောင်းအဝယ်ဖြစ်ခဲ့သည်။ လက်ရှိတွင် SKD များပြန်လည်ထုတ်လုပ်ခွင့်ပြုခြင်း၊ ဒေါ်လာစျေးကျဆင်းခြင်း၊ လျှပ်စစ်ယာဥ်တင်သွင်းခွင့်ပြုမည်ဆိုခြင်းကြောင့် ဝယ်ယူမှုကျဆင်းသွားသည်ဟု သိရသည်။

”လျှပ်စစ်ကားတွေရဲ့ အားသာချက်က ပျက်လို့ပြင်စရာသိပ်မရှိဘူး။ Charging Board ပျက်တာ၊ ဘတ္ထရီအားလျှော့တာပဲ ဖြစ်တာများတယ်။ အခု အစိုးရကလည်း အမြန်လမ်းမှာ လျှပ်စစ်ကားတွေ အားသွင်းဖို့ Charging Station တွေ ဆောက်နေတယ်ဆိုတော့ အခွန်တွေသာ တကယ်လျှော့ပေးရင် စျေးသက်သာနိုင်လို့ ပိုကောင်းပါလိမ့်မယ်” ဟု မော်တော်ယာဥ်ဝယ်ယူတင်သွင်းသူတစ်ဦးက မှတ်ချက်ပြုသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News