◾️မန္တလေးတိုင်း၊ ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင်အများဆုံးဖမ်းမိ
၁၆. ၅. ၂၀၂၄
Written by Nyein Kyaw
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ ဖွဲ့စည်းခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၄ ဧပြီလအထိ ၂၈ လအတွင်း ဖမ်းဆီးရမိမှုအမှုတွဲ ၁၂,၄၃၀ မှု၊ ခန့်မှန်းတန်ဖိုး ကျပ်ဘီလျံ ၂၅၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မေလ ၁၅ ရက်တွင် ပြုလုပ်သည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ အစည်းအဝေး (၂/၂၀၂၄)တွင် ပြောကြားသည်။
တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာ တိုက်ဖျက်ရန် ဦးဆောင်ကော်မတီဖွဲ့စည်းပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးများ ကျင်းပလာခဲ့သည်မှာ ယခုအစည်းအဝေး အပါအဝင် ၁၄ ကြိမ်ရှိပြီဖြစ်ကြောင်း၊ ယခင် အစည်းအဝေး ၁၃ ကြိမ်အထိ ဆုံးဖြတ်ချက် ၄၅၆ ချက် ချမှတ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဦးဆောင်ကော်မတီ ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက် ဖမ်းဆီးရမိမှုများအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ ဖမ်းဆီးရမိအမှုတွဲ ၁၂,၄၃၀ မှု၊ ခန့်မှန်းတန်ဖိုးကျပ် ၂၅၀ ဒသမ ၁၇၆ ဘီလျံ ဖမ်းဆီးရမိခဲ့ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
၂၀၂၄ ခုနှစ်၊ ဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလများအတွင်း ဖမ်းဆီးရရှိမှုများအနေဖြင့် အကောက်ခွန်ဦးစီးဌာနမှ အများဆုံးဖမ်းဆီးရမိခဲ့ပြီး နေပြည်တော်ကာင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဖမ်းဆီးရမိမှုများတွင် မန္တလေးတိုင်းဒေသကြီးက ပထမအများဆုံး၊ ကချင်ပြည်နယ်က ဒုတိယအများဆုံးနှင့် တနင်္သာရီတိုင်းဒေသကြီးက တတိယအများဆုံး ဖမ်းဆီးရမိခဲ့သည်ကို တွေ့ရှိရကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
ကုန်ပစ္စည်းအုပ်စုအလိုက် ဖမ်းဆီးရရှိမှုများကို စိစစ်ရာတွင် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် တရားမဝင် ကုန်တင်ရေယာဥ်အပါအဝင် မော်တော်ယာဉ်ယန္တရား ဖမ်းဆီးရရှိမှုများက အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးက လုပ်ငန်းသုံးကုန်ကြမ်းများဖြစ်ကာ တတိယအများဆုံးက ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများ ဖြစ်သည်ကို တွေ့ရှိရကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
အွန်လိုင်းမှ ပြည်တွင်းတွင် ရောင်းချသည့် ဆေးဝါး၊ အလှကုန်၊ စားသောက်ကုန်၊ လူသုံးကုန်စသည့် ကုန်စည်အများစုသည်လည်း တရားမဝင်လမ်းကြောင်းက တင်သွင်းရောင်းချနေခြင်းဖြစ်ကြောင်းကို စိစစ်တွေ့ရှိရကြောင်း၊ ထို့ကြောင့် အထူးအဖွဲ့များနှင့် One Stop Service (OSS) ဌာနဆိုင်ရာများအပြင် FDA၊ CID တို့အနေဖြင့် ပုံမှန်တားဆီးဖမ်းဆီးခြင်း၊ အသွင်ယူသတင်းထောက်လှမ်း တားဆီးဖမ်းဆီးခြင်းနှင့် သတင်းပေး တိုင်ကြားမှုများအရ တားဆီးဖမ်းဆီးခြင်းများကို ထိထိရောက်ရောက် ယခုထက်ပိုပြီး ဆောင်ရွက်သွားကြရန် SAC ဒုဥက္ကဋ္ဌက တိုက်တွန်း ပြောကြားခဲ့သည်။
နိုင်ငံတစ်နိုင်ငံအနေဖြင့် ဈေးကွက်စီးပွားရေးစနစ် ဖော်ဆောင်ရာတွင် အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင်နှင့် စားသုံးသူပြည်သူတို့က အဓိကဖြစ်ကြောင်း၊ အစိုးရအနေဖြင့် နိုင်ငံ့ဝင်ငွေ တိုးတက်ရရှိစေရေးအတွက် အကောက်ခွန်နှင့် ရသင့်ရထိုက်သည့် အခွန်အခများ ဆုံးရှုံးမှုမရှိစေရေး၊ ပြည်သူများအတွက် ဘေးကင်းစိတ်ချရသည့် ကုန်စည်များအတွက် အာမခံချက်ပေးနိုင်ရေးတို့ဖြစ်ပြီး တရားမဝင်ကုန်စည်များ လျော့ကျပပျောက်စေရေး၊ နောက်ဆုံးအနေဖြင့် တရားမဝင်ကုန်သွယ်မှုကို လုံးဝကင်းစင်ပပျောက်သည်အထိ တိုက်ဖျက်ရေးတို့ကို အစိုးရအနေဖြင့် ဦးတည်ဆောင်ရွက်မည်ဖြစ်ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။