နေမိုး
၃. ၁၁. ၂၀၂၅
ဆယ်အိမ်မှူးတစ်ဦးနှင့် အမျိုးသားတစ်ဦးကို PDF များက ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်မှု ရွာငံတွင် ယမန်နေ့က ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက် နံနက် ၁ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ တောင်ကြားကျေးရွာနေ ဆယ်အိမ်မှူး ဦးခင်ဇော်ဌေး(ခ)ဝမ်ချူး (၃၈)နှစ်သည် နေအိမ်၌ ရှိနေစဉ် PDF ငါးဦးခန့် ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်ကာ နေအိမ်အနောက်တောင်ဘက် တစ်ဖာလုံခန့်အကွာ ရွာအဝင်လမ်းမပေါ် အရောက်၌ ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးခင်ဇော်ဌေး(ခ)ဝမ်ချူးတွင် ဓားဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ ဝက္ကဘူးကျေးရွာ၌ ဓားဖြင့် ထိုးခုတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံး သွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၂ နာရီ ၃၀ မိနစ်တွင် အဆိုပါကျေးရွာနေ ဦးမျိုးဟိန်း(၅၂)နှစ်သည် နေအိမ်၌ ရှိနေစဉ် PDF ခြောက်ဦးခန့်က ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် သံဃာတော် အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင် ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသလို ထိုအထဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ၁၀၀၀ ကျော်လည်း ပါဝင် သတ်ဖြတ်ခံခဲ့ရသည်။
