၃. ၁၂. ၂၀၂၅
Translated by Thettant
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက် တနင်္လာနေ့က ထိုင်းနိုင်ငံ၊ နခွန်ဆဝမ်ပြည်နယ်ရှိ စူပါမားကတ်တစ်ခု အပြင်ဘက်တွင် ထိုင်းအမျိုးသားတစ်ဦးက မိမိချစ်သူကို မီးရှို့ပြီးနောက် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးပမ်းခဲ့သော်လည်း ရဲတပ်ဖွဲ့က တားဆီးနိုင်ခဲ့သည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁ ရက် ညနေ ၅ နာရီခန့်တွင် ၊ နခွန်ဆဝမ်မြို့၊ ဖက်နမ်ဖိုရပ်ကွက်၊ ခရိုင်းလတ်လမ်းပေါ်ရှိ ဆိုင်အပြင်ဘက်တွင် နီချာအမည်ရှိ အသက် ၃၃ နှစ် အရွယ် အမျိုးသမီးတစ်ဦးမှာ ခန္ဓာကိုယ်မီးလောင်ကျွမ်းနေသည်ကို မျက်မြင်တွေ့သူများက ဝိုင်းဝန်းငြှိမ်းသတ်ပေးခဲ့ကြရသည်။ ထို့နောက် သူမအား ခန္ဓာကိုယ်အနှံ့ အပြင်းအထန် မီးလောင်ဒဏ်ရာများဖြင့် စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။

သူမကို မီးရှို့တိုက်ခိုက်သူအား သူမ၏ ချစ်သူရည်းစားဖြစ်သူ အပီချိုင်း ချန်တာရက်အဖြစ် နောက်ပိုင်းတွင် ဖော်ထုတ်သိရှိခဲ့ရသော်လည်း ကျူးလွန်သူက တိုက်ခိုက်မှုအပြီး ချက်ချင်းပင် ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။
မျက်မြင်သက်သေများ၏ အဆိုအရ၊ အပီချိုင်းသည် စူပါမားကတ်အပြင်ဘက်တွင် အော်ဟစ်ကာ အရောင်းဝန်ထမ်းအဖြစ် အလုပ်လုပ်နေသော နီချာကို အပြင်ထွက်၍ စကားပြောရန် တောင်းဆိုခဲ့သည်ဟု သိရသည်။ ထို့အပြင် အပီချိုင်းက နီချာအား ဓာတ်ဆီလောင်းကာ မီးမရှို့မီ အငြင်းပွားမှုဖြစ်ခဲ့ကြောင်း သိရသည်။ Channel 8 ၏ ဖော်ပြချက်အရ နီချာသည် ဆဝမ်ပရာချာရက် ဆေးရုံ၌ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေဖြင့် ဆက်လက် ကုသမှု ခံယူနေရဆဲ ဖြစ်သည်။

ထိုနေ့ည ၈ နာရီခန့်တွင် ထိုင်းရဲတပ်ဖွဲ့သည် ကျောက်ဖယားမြစ်အနီးတွင် အမျိုးသားတစ်ဦးသည် မိမိကိုယ်ကိုယ် အကြမ်းဖက်မှုပြုမူနေကြောင်း ဝပ်ခေါလ်ရပ်ကွက်ဒေသခံများထံမှ သတင်းပို့ချက်ကို လက်ခံရရှိခဲ့သည်။ ၎င်းအမျိုးသားသည် သူ၏ချစ်သူရည်းစားကို သတ်လိုက်ပြီဟု အော်ဟစ်ပြီး မြစ်ထဲသို့ ခုန်ချကာ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးပမ်းခဲ့သည်။ ဒေသခံများက သူ့ကို ချဉ်းကပ်ပြီး စိတ်ငြိမ်သက်စေရန် ကြိုးပမ်းခဲ့ကြသည်။ ထိုသူသည် သဝန်တိုမှုကြောင့် ချစ်သူရည်းစားကို တိုက်ခိုက်ခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု သိရသည်။
ရဲတပ်ဖွဲ့ရောက်ရှိလာပြီးနောက် ၎င်းအား ခုန်ချခြင်းမှ တားဆီးခဲ့ကာ စစ်ဆေးမေးမြန်းမှုများအရ ထိုသူသည် နီချာကို မီးရှို့တိုက်ခိုက်မှုမှ သံသယရှိသူ အပီချိုင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။ ထို့နောက် အရာရှိများက အပီချိုင်းကို ဖမ်းဆီးထိန်းသိမ်းကာ မြို့တော် နခွန်ဆဝမ် ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။
လက်ရှိတွင် အပီချိုင်းအား လူသတ်ရန် ကြိုးပမ်းမှုဖြင့် တရားစွဲဆိုထားသည်။ ယင်းပြစ်မှုသည် သေဒဏ်၊ တစ်သက်တစ်ကျွန်း သို့မဟုတ် ထောင်ဒဏ် ၁၅ နှစ်မှ ၂၀ နှစ်အထိ ချမှတ်နိုင်သည့် လူသတ်မှု၏ ပြစ်ဒဏ်ထက်ဝက်ကို ကျခံရနိုင်သည်။ လက်ရှိတွင် ထိုင်းရဲတပ်ဖွဲ့သည် နီချာ၏ အခြေအနေကို စေ့ငုနေဆဲဖြစ်သလို အသေးစိတ်ဖြစ်စဉ်များကို စစ်ဆေးဆဲလည်းဖြစ်ပြီး လိုအပ်သလို ထပ်တိုးအရေးယူနိုင်သည်။

ထိုင်းနိုင်ငံတွင် ယခုနှစ်အတွင်း သဝန်တိုမှုကြောင့် ဖြစ်ပွားခဲ့သော အလားတူ အကြမ်းဖက်ဖြစ်ရပ်များလည်း ဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် အမျိုးသားတစ်ဦးသည် ဘန်ကောက်ဘုရားကျောင်းတစ်ခု၌ ၎င်း၏ဇနီးဟောင်း၏ ချစ်သူအသစ်ကို မီးရှို့သတ်ဖြတ်ခဲ့ရာ ဇနီးဟောင်း၏ လက်တွဲဖော်အသစ်မှာ ခန္ဓာကိုယ်၏ ၈၀ ရာခိုင်နှုန်းကျော် မီးလောင်ဒဏ်ရာရပြီး သေဆုံးခဲ့သည်။ ထို့အတူ ပြီးခဲ့သည့် စက်တင်ဘာလတွင်လည်း အမျိုးသားတစ်ဦးသည် ၎င်းတို့ လမ်းခွဲပြီး နှစ်လအကြာ၌ ချစ်သူဟောင်း၏ ကားကို မီးရှို့ခဲ့ကြောင်း သိရသည်။
Ref : The Thaiger
