၃.၁၂.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့တရားရုံးချုပ်မှာ ပြည်နယ်မြို့တော်ဆန်ဖရန်စစ္စကိုမြို့က ဒီဇင်ဘာလ ၂ ရက်မှာ တင်သွင်းခဲ့တဲ့ တရားစွဲဆိုမှုမှာ အစားအသောက် ထုတ်လုပ်တဲ့ ထိပ်တန်းကော်ပိုရေးရှင်း ၁၀ ခုကို စျေးကွက်ရှာဖွေရေးဆိုင်ရာ ကယ်လီဖိုးနီးယား ဥပဒေတွေကို ချိုးဖောက်တယ်လို့ စွပ်စွဲကာ တရားစွဲခဲ့တယ်လို့ သိရပါတယ်။
တရားစွဲခံရတဲ့ ကုမ္ပဏီတွေမှာ Coca-Cola နဲ့ Nestle တို့လည်းပါဝင်ပြီး သူတို့ရဲ့ အလွန်အမင်းပြုပြင်ထားတဲ့ အစားအစာတွေက ပြည်သူ့ကျန်းမာရေးအကျပ်အတည်းအတွက် တာဝန်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီအစားအစာတွေက အလွန်အမင်းပြုပြင်ထုတ်လုပ်ထားရာမှာ ကျန်းမာရေးပညာရှင်တွေက အဝလွန်မှုနဲ့ အခြားရောဂါများကိုဖြစ်စေမှုတို့နဲ့ ဆက်စပ်နေတယ်လို့ ဆိုကြပါတယ်။
မြို့တော်ရှေ့နေ ဒေးဗစ်ချူးက တရားစွဲဆိုခံရတဲ့ ကုမ္ပဏီ ၁၀ ခုကို ဖော်ပြခဲ့ပြီး ဒီအထဲမှာ Oreo ကွတ်ကီးတွေ၊ Sour Patch Kids၊ Kit Kat၊ Cheerios တို့အပြင် Lunchables လို လူကြိုက်များတဲ့ အစားအစာတွေကို ထုတ်လုပ်တဲ့ကုမ္ပဏီတွေ ပါဝင်ပါတယ်။ အလွန်အမင်းပြုပြင်ထားတဲ့ အစားအစာတွေက အမျိုးအစား ၂ ဆီးချိုရောဂါ၊ အသည်းအဆီဖုံးရောဂါနဲ့ ကင်ဆာလို ရောဂါတွေနဲ့ ဆက်စပ်နေတယ်လို့ တရားစွဲဆိုမှုမှာ ပြောခဲ့ပါတယ်။
အလွန်အမင်းပြုပြင်ထားတဲ့ အစားအစာတွေမှာ သကြားလုံးတွေ၊ အာလူးကြော်တွေ၊ ပြုပြင်ထားတဲ့ အသားတွေ၊ ဆိုဒါတွေ၊ စွမ်းအင်ဖြည့်အချိုရည်တွေ၊ မနက်စာ ကောက်နှံအစာတွေပါဝင်ပါတယ်။




တရားစွဲဆိုမှုမှာ အမည်ဖော်ပြထားတဲ့ အခြားကုမ္ပဏီတွေမှာ PepsiCo၊ Kraft Heinz Company၊ Post Holdings၊ Mondelez International၊ General Mills၊ Kellogg၊ Mars Incorporated နဲ့ ConAgra Brands တို့လည်း ပါဝင်ကြပါတယ်။
တရားစွဲဆိုမှုမှာ အမည်ဖော်ပြထားသော ကုမ္ပဏီတွေထဲမှာ ဘယ်ကုမ္ပဏီကမှ မှတ်ချက်ပေးဖို့ အီးမေးလ်နဲ့ တောင်းဆိုမှုတွေကို ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးပါဘူး။
အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနက သြဂုတ်လမှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတစ်ခုအရ အမေရိကန်အများစုဟာ သူတို့အတွက် ကယ်လိုရီထက်ဝက်ကျော်ကို အလွန်ပြုပြင်ထားတဲ့ အစားအစာတွေက ရရှိတယ်လို့ တွေ့ခဲ့ရပါတယ်။
အလွန်အကျွံပြုပြင်ထားတဲ့အစားအစာတွေကို ထုတ်လုပ်ခြင်းနဲ့ မြှင့်တင်ခြင်းအားဖြင့် ကုမ္ပဏီတွေဟာ ကယ်လီဖိုးနီးယားရဲ့ မတရားယှဉ်ပြိုင်မှုဥပဒေနဲ့ အများပြည်သူအနှောင့်အယှက်ဖြစ်စေတဲ့ ဥပဒေကို ချိုးဖောက်ကြောင်း တရားစွဲဆိုမှုမှာ ငြင်းခုန်ထားပါတယ်။ ဒါဟယ ကုမ္ပဏီတွေရဲ့ “လှည့်ဖြားသောစျေးကွက်ရှာဖွေရေး” က ကာကွယ်ဖို့နဲ့ အလွန်အကျွံပြုပြင်ထားတဲ့ အစားအစာတွေရဲ့ ကျန်းမာရေးအန္တရာယ်များစွာအပေါ် စားသုံးသူပညာပေးခြင်းနဲ့ ကလေးများအတွက် အလွန်အကျွံပြုပြင်ထားသော အစားအစာများကို ကြော်ငြာခြင်း၊ စျေးကွက်ရှာဖွေရေးကို ကန့်သတ်ခြင်းကဲ့သို့သော အရေးယူမှုတွေက တားဆီးဖို့ တရားရုံးအမိန့်ကို တောင်းဆိုထားပါတယ်။
ဆန်ဖရန်စစ္စကိုရဲ့ တရားစွဲဆိုမှုမှာ အလွန်အကျွံပြုပြင်ထားတဲ့ အစားအစာတွေရဲ့ လူ့ကျန်းမာရေးအပေါ် အပျက်သဘောဆောင်တဲ့ သက်ရောက်မှုနဲ့ပတ်သက်လို့ သိပ္ပံနည်းကျလေ့လာမှုများစွာကို ကိုးကားဖော်ပြထားပါတယ်။
တရားစွဲဆိုမှုကအလွန်အကျွံပြုပြင်ထားတဲ့ အစားအစာကွေ စားသုံးမှုကြောင့် ဖြစ်ပေါ်လာတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကုန်ကျစရိတ်တွေအတွက် ဒေသန္တရအစိုးရတွေကို ကူညီဖို့ ငွေကြေးပြစ်ဒဏ်တွေကိုလည်း တောင်းဆိုထားပါတယ်။
Ref- CNN, DW
