၃.၁၂.၂၀၂၅
Written by Nay Yaung Lin
ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး၏ ပထမဆုံးရွေးကောက်ပွဲအောင်နိုင်ရေးဟောပြောပွဲကို ရန်ကုန်မြို့လယ်ခေါင်၊ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းနှင့် ဘဏ်လမ်းထောင့်တွင် ဒီဇင်ဘာ ၃ ရက်၊ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါ ရွေးကောက်ပွဲအောင်နိုင်ရေးဟောပြောပွဲတွင် ကျောက်တံတားမြို့နယ်မှ ပြည်သူ့ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကိုလည်း မဲဆန္ဒရှင်ပြည်သူများနှင့် မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။



ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက “ရန်ကုန်တိုင်းဒေသကြီး မြို့တွင်းဧရိယာမှာ ဒါဟာ စတင်ပြီးတော့ ရွေးကောက်ပွဲအောင်နိုင်ရေးကို ကျင်းပတာဖြစ်ပါတယ်။ မိုင်ထောင်ချီတဲ့ခရီးကို ခြေတစ်လှမ်းနဲ့ စရတယ်ဆိုတဲ့စကားပုံလိုပဲ ကျွန်တော်တို့ ဒီမိုကရေစီအရေး ခရီးကြမ်းကြီးမှာ တကယ်တော့ ခြေလှမ်းတွေက စခဲ့ပြီးပါပြီ။ စပြီးမှ နောက်ပြန်လျှောကျသွားတဲ့ အခြေအနေကနေ နောက်တစ်ကြိမ် ခြေလှမ်းအသစ်တွေ ပြန်စရတာဖြစ်ပါတယ်။ ရန်ကုန်မြို့လယ်ခေါင်မှာ တကယ့်ကို တက်တက်ကြွကြွနဲ့ အားကောင်းကောင်းနဲ့ ကျင်းပနိုင်ဖို့အတွက် အခုလိုမျိုးခြေလှမ်းကနေ စတင်ရတာဖြစ်ပါတယ်” ဟု ဟောပြောရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ယခုပြုလုပ်သည့် အောင်နိုင်ရေးဟောပြောပွဲသည် နောက်ပိုင်းတွင် မဲဆန္ဒရှင်ပြည်သူများနှင့် ပိုမိုထိတွေ့နိုင်ရန် စတင်သည့် ပထမဆုံးခြေလှမ်းဖြစ်ပြီး နောက်ပိုင်းတွင် လှုပ်ရှားမှုများ ပိုမိုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီနေ့ပွဲလေးဟာ ရှေ့ဆက်ပြီးတော့ ပြည်သူတွေနဲ့ ထိတွေ့ဖို့အတွက် ပထမဦးဆုံးလုပ်တဲ့ ခြေလှမ်းလို့ပြောလို့ရတယ်။ မြို့တွင်းဧရိယာထဲမှာ ဒါက ပထမဆုံးခြေလှမ်းပါ။ ဒါပြီးရင်တော့ ကျွန်တော်တို့က တစ်အိမ်တက်တစ်အိမ်ဆင်း လမ်းတွေထဲမှာ လက်ကမ်းစာစောင်တွေ ဝေတာတွေလည်း လုပ်သွားမယ်” ဟု ဦးကိုကိုကြီးက ဆက်လက်ပြောကြားသည်။



ထို့နောက် ပြည်သူ့ပါတီမှ ကျောက်တံတားမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်စင်သီမာ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း(FPTP) ဦးစိန်မြိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း (PR) ဦမြင့်အောင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း(FPTP) ဦးကိုကိုနိုင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း(PR) ဦးသက်လွင်တို့ကို မဲဆန္ဒရှင်ပြည်သူများနှင့် ဦးကိုကိုကြီးက မိတ်ဆက်ပေးခဲ့သည်။
ရွေးကောက်ပွဲအောင်နိုင်ရေးဟောပြောပွဲများတွင် မဲဆန္ဒရှင်များ တက်တက်ကြွကြွဖြင့် ပိုမိုပါဝင်လာရန် နိုင်ငံရေးပါတီများက ဦးဆောင်မှ ပြည်သူများ တဖြည်းဖြည်း လိုက်ပါလာမည်ဖြစ်ကြောင်းလည်း ဦးကိုကိုကြီးက ထပ်မံပြောကြားသည်။
“ဆိုရှယ်မီဒီယာရဲ့ လှုံ့ဆော်မှုပဲ။ ရွေးကောက်ပွဲက အပြောင်းအလဲကို ဖြစ်ပါ့မလား။ တပ်မတော်က သူ့အတွက် သူလုပ်နေတာပဲဆိုပြီးတော့ မဲမပေးဖို့ လှုံ့ဆော်တဲ့ဟာလည်း ပြည်သူတွေကြားထဲမှာ ရှိတယ်။ အဲဒီတော့ ပြည်သူတွေကြောက်နေတဲ့ ကိစ္စကို ကျွန်တော်တို့ဦးဆောင်ပြီးတော့ ရသလောက်နဲ့ ဦးဆောင်ပြီး လှုပ်မှ ပြည်သူတွေကပါလာမှာ။ ကျွန်တော်တို့မြင်တာက ဒီဟာက ပထမဆုံးခြေလှမ်းဆိုပေမဲ့ ဦးဆောင်မဲ့သူတွေဖြစ်တဲ့ နိုင်ငံရေးပါတီတွေက အခုလိုမျိုး တက်တက်ကြွကြွနဲ့ ရဲရဲရင့်ရင့်နဲ့ ထွက်လာတာတွေ့ရင် တစ်ဖြည်းဖြည်းနဲ့ ပြည်သူတွေလည်း ပိုပြီးကျယ်ပြန့်လာမယ်လို့ မြင်ပါတယ်” ဟု ဦးကိုကိုကြီးက ဆိုသည်။
ယင်းနောက် ပြည်သူ့ပါတီ၏ အောင်နိုင်ရေးဟောပြောပွဲကို ပါတီကြွေးကြော်သံများ သံပြိုင်ရွတ်ဆိုကာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။



