၁၇. ၁၂. ၂၀၂၂
Written by Phyo Wei

စက်သုံးဆီချွေတာဖို့အတွက် စက်ဘီးလိုယာဉ်တွေကို တိုင်းချစ်ပြည်ချစ်စိတ်နဲ့ အသုံးပြုဖို့အတွက် SAC ဥက္ကဋ္ဌပြောလာတဲ့အပေါ် ရယ်ပွဲဖွဲ့ကြပေမဲ့ တရုတ်၊ ရုရှား၊ အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ အမေရိကန်အပါအဝင် အနောက်အုပ်စုအကြား အချိန်မရွေးထဖြစ်သွားနိုင်တဲ့ စစ်ရေးအရ တင်းမာမှုတွေ ရှိနေတဲ့ကာလမှာတော့ ဒီစက်သုံးဆီအကျပ်အတည်းဟာ အရေးကြီးပါတယ်။

လက်ရှိအနေအထားမှာ နိုင်ငံတကာဖိအားတွေလည်း ရှိနေတာနဲ့ လတ်တလောမှာ စက်သုံးဆီစျေးတွေ ပြန်ပြီးတက်ရိပ်ပြလာတာကို ချိန်ဆမယ်ဆိုရင် စက်ဘီးစီးပါလို့ ပြောတာမျိုးက လှောင်ရယ်ရမှာမဟုတ်ပါဘူးလို့ ကနဦးပြောပြချင်တဲ့ ဒီရက်သတ္တပတ်မှာ စီးပွားရေးသုံးသပ်ချက်အဖြစ် အရောင်းအဝယ်အေးပြီး စျေးကျဆင်းလာတဲ့ အိမ်ခြံမြေအကြောင်း၊ အခြေပစ္စည်းတွေ စျေးကျပြီး အရောင်းအဝယ်ဖြစ်မှုနည်းလာလို့ ဒေါ်လာစျေးဆွဲတင်ဖို့ ကောလာဟလထုတ်လာမှုတွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် နေရပ်စွန့်ခွာကြရသလို ကုန်စျေးနှုန်းကြီးမြင့်ဒဏ်တွေလည်း ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ ယာယီအပစ်အခတ်ရပ်စဲမှုတွေကြောင့် အေးချမ်းစွာစီးပွားရေးပြန်လုပ်လာနိုင်တဲ့ အကြောင်းတွေကို တင်ပြချင်ပါတယ်။

အရောင်းအေးတဲ့ အိမ်ခြံမြေ

၂၀၂၁ နွေဦးတော်လှန်ရေးအစမှာ အစိုးရပြုတ်ကျဖို့အတွက် ဖြစ်နိုင်ခြေမှန်သမျှ ကောလာဟလ ထုတ်ကြရာမှာ ဘဏ်တွေပြိုလဲရင် အစိုးရတစ်ရပ်ပြုတ်ဖို့ အဖြစ်နိုင်ဆုံးဆိုတဲ့အယူအဆနဲ့ ဘဏ်ကနေ ငွေတွေဝိုင်းထုတ်အောင် လုပ်ကြတဲ့အခါမှာ လူထုလက်ထဲမှာ ငွေတွေ အစုလိုက်အပြုံလိုက်ရောက်လာပါတယ်။

လက်ထဲမှာ ငွေတွေအစုလိုက်အပြုံလိုက်ဖြစ်လာ၊ တောကြောင်တွေက လက်ခမောင်းခတ်လာတော့ ဘယ်မှာငွေထားရမယ်မသိတဲ့ ပြည်သူတွေ အထိတ်တလန့်ဖြစ်အောင် လက်ရှိငွေတွေဖျက်သိမ်းပြီး ငွေမည်းတွေကြေညာမယ်။ ကျပ် ၂၀၀၀၀ တန် ငွေစက္ကူတွေထုတ်မယ်လို့ လှန့်ကြတဲ့အချိန်မှာ ဘာလုပ်ရမယ်မသိတဲ့ အကြောက်လွန်လူတွေဟာ အိမ်ခြံမြေတွေ၊ ရွှေတွေ၊ ကားတွေ စုပြုံဝယ်ကြပါတော့တယ်။ အဲဒီလို လုဝယ်တာကနေ အခုတော့ စျေးတွေ အဝယ်တွေ ပြန်အေးကုန်တော့တာပါပဲ။

“လက်ရှိနည်းနည်းအေးနေတယ်။ လုံးဝမဖြစ်တာတော့ မဟုတ်ဘူး နည်းနည်းအေးသွားတာ။ လက်ရှိက ဒီလိုပေါ့။ ဖြစ်နေတာက ပြီးခဲ့တဲ့ လေး၊ ငါး ၊ ခြောက်လလောက်က တော်တော်များများ ဖြစ်တာပေါ့နော်။ သိန်းထောင်ဂဏန်းနဲ့ သိန်းကြီးပိုင်းအထိ ဖြစ်ကြတာပေါ့။ အခုတော့ အဲဒါတွေအကုန်လုံးက အေးသွားတဲ့သဘော”လို့ ရန်ကုန်တိုင်း အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်က ပြောပါတယ်။

ဒေါ်လာစျေးဆွဲတင်ချင်တဲ့ ကောလာဟလ

ကားတွေ၊ ရွှေတွေ၊ အိမ်ခြံမြေတွေ စျေးဆွဲတင်ပြီး ကုန်စျေးနှုန်းတွေပါ ဆွဲမြှင့်ကြရာကနေ ထိန်းကျောင်းမှုတွေဖြစ်လာချိန်မှာ စျေးတွေ အဝယ်တွေ တန့်ကုန်ပါတော့တယ်။ အဲဒီအချိန်မှာ အကြောက်လွန်လို့ စုပြုံဝယ်၊ စုပြုံဝယ်လို့ စျေးတွေတက်နဲ့ အရင်တုန်းက သိန်း ၅၀၀၀ လောက်နဲ့တောင် ဝယ်သူမရှိတော့တဲ့အခြေအနေကနေ သိန်း ၁၅၀၀၀၊ ၂၀၀၀၀ အထိ စျေးတွေခုန်တက်ခဲ့တဲ့ အိမ်ခြံမြေတွေ ပိုက်ဘောမိကုန်သလို ရွှေတွေ ကားတွေလည်း အဝယ်နည်းသွားပြီး အဲဒီကဏ္ဍမှာလည်း အများစုက ပိုက်ဘောမိ နေကြပါတယ်။

ဒီအခြေအနေမှာ ပိုက်ဘောမိနေသူတွေဟာ သူတို့မိထားတဲ့ ပိုက်ဘောတွေကို အခြားသူဆီ ကန်ထုတ်ဖို့ မရိုးနိုင်တဲ့ ဒေါ်လာတွေ စျေးတက်တော့မယ်။ စစ်ဖြစ်တော့မယ်။ ငွေတုတွေအများကြီးထွက်လာပြီ။ ငွေစက္ကူအသစ်တွေ ရိုက်ထုတ်တော့မယ်ဆိုတဲ့ ခြောက်လုံး၊ လှန့်လုံးတွေကိုပဲ တ၀ကြီးပြန်သုံးလာပြန်ပါတယ်။

လက်ရှိမှာလည်း ဗဟိုဘဏ်ရဲ့ ရည်ညွှန်းစျေးပြောင်းတော့မယ်၊ ဒေါ်လာစျေးတွေ တက်တော့မယ်ဆိုတဲ့ ကောလာဟလတွေ ထုတ်လွှင့်လာလို့ ဗဟိုဘဏ်က ဈေးကွက်အတွင်းကို USD Liquidity အပြင် လုပ်ခလစာငွေလွှဲ ဝင်ရောက်မှုတွေကနေ ၄၅ ရက်အတွင်း အမေရိကန်ဒေါ်လာ ၁၀၈ သန်း ရောင်းချပေးခဲ့ပြီး ဆက်လက် ရောင်းချပေးမှာဖြစ်လို့ ကောလာဟလထုတ်လွှင့်ပြီး စျေးကွက်မတည်ငြိမ်အောင် သတင်းထုတ်လွှင့်တာတွေကို မယုံကြည်ဖို့နဲ့ ဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေ လဲလှယ်နှုန်းကိုလည်း ပြင်ဆင်ဖို့ မရှိသေးဘူးလို့ ကြေညာခဲ့ပါတယ်။

၂၀၂၁ မှာ အဆိုးဆုံးဖြစ်ခဲ့တဲ့အခြေအနေမှာတောင် နိုင်ငံရော၊ စီးပွားရေးရော ပြိုလဲမသွားခဲ့တာ မြင်ခဲ့ရတဲ့အခြေအနေမှာ ကားတွေ၊ ရွှေတွေ၊ ဒေါ်လာတွေ၊ အိမ်ခြံမြေတွေ စျေးဆွဲတင်ချင်လို့ လွှင့်ကြတဲ့ ကောလာဟလကို ထပ်ယုံကြရင်တော့ လက်ရှိမိနေတဲ့ ပိုက်ဘောတွေဟာ အသိဉာဏ်နည်းပါးသူတွေဆီ ကန်ထုတ်လိုက်တာကို ပြန်ကြုံကြရမှာပါ။

အေးချမ်းမှုအရသာပြန်လည်ခံစားရတဲ့ ရခိုင်ပြည်နယ်

စစ်ပွဲနဲ့ စီးပွားရေး ဘာဆိုင်လဲလို့ တချို့လူတွေ တွေးနိုင်ပေမဲ့ မငြိမ်းချမ်းတဲ့ဒေသမှာ နှစ်ဖက်ပစ်ခတ်မှုကြား ဘယ်အချိန်သေသွားရမယ်မသိ၊ အိမ်ပိုင်၊ ယာပိုင်၊ လုပ်ငန်းပိုင်ရှိပါလျက်နဲ့ စစ်ဘေးဒုက္ခသည်အဖြစ် စစ်ရှောင်စခန်းတွေမှာ သူများပေးစာကမ်းစာစားနေရသူတွေကတော့၊ စစ်ဖြစ်နေလို့ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်နေလို့ ဆန်အိတ် တစ်သိန်းကျော်ပေးဝယ်စားနေရသူတွေကတော့ စစ်ရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေးနဲ့ စားဝတ်နေရေးဟာ တိုက်ရိုက်ကို ဆက်စပ်နေတယ်ဆိုတာ သဘောပေါက်နေကြမှာပါ။

လက်ရှိအချိန်မှာ NUG၊ PDF တွေမရှိဘဲ AA နဲ့ ARSA သာရှိတဲ့ ARSA ကလည်း လှုပ်ရှားနိုင်စွမ်းမရှိတဲ့ ရခိုင်ပြည်နယ်ဘက်မှာ တပ်မတော်နဲ့ AA အကြား ယာယီအပစ်အခတ်ရပ်သွားတာကြောင့် နှစ်ပတ်ကျော်ဆိုတဲ့ကာလလေးအတွင်းမှာ အိန္ဒိယနဲ့ ကုလားတန်စီမံကိန်းအသံပြန်ထွက်လာသလို ဘင်္ဂလားဒေ့ရှ်နဲ့ ကုန်သွယ်မှုပြန်လုပ်လာနိုင်တဲ့အပြင် ပြည်မနဲ့ပါ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ပွင့်လာလို့ အရင်တုန်းက စျေးနှုန်းမြင့်တက်ခဲ့တဲ့ စက်သုံးဆီအပါအဝင် ကုန်စျေးနှုန်းတွေ ပြန်လည်ကျဆင်းလာနေပြီဖြစ်ပါတယ်။

ငြိမ်းချမ်းမှ စီးပွားရေးကောင်းကောင်းလုပ်လို့ရမယ်။ စီးပွားရေးကောင်းကောင်းလုပ်နိုင်မှ စားဝတ်နေရေးပြေလည်ပြီး အဆင်းရဲဆုံးပြည်နယ်ထဲက တစ်ခုအဖြစ် ကနေ လွတ်မယ်။ အဆင်းရဲဆုံးပြည်နယ်တွေ တိုင်းတွေ စီးပွားရေးကောင်းမွန်လို့ ဆင်းရဲတွင်းက ခုန်ထွက်လာနိုင်ရင် နိုင်ငံတစ်ခုလုံး မွဲတေမှုကလွတ်မယ်ဆိုတာကို တွေးဆသဘောပေါက်ကျဖို့ လိုအပ်ပြီဖြစ်ကြောင်း တင်ပြရင်းနဲ့ ဒီတစ်ပတ်ရဲ့စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *