“အမေရိကန်က တစ်ဖက်ဝင်၊ တရုတ်ကတစ်ဖက်ဝင်ဆိုရင် မြန်မာပြည်က အင်အားကြီးတွေရဲ့ကစားကွင်း ဖြစ်သွားမယ်။ အဲ့ဒီအန္တရာယ်လည်းရှိတော့ လောလောဆယ်စကားပြောကြဖို့က စဉ်းစားစရာအကောင်းဆုံးပဲ”

◾ မြဝတီကိုသိမ်းတဲ့ KNU နဲ့ PDF တွေ စစ်ရှုံးအပြီးမှာ လွိုင်ကော်ဘက်က ကယားလက်နက်ကိုင်တွေနဲ့ PDF တွေလည်း အခြေမလှဖြစ်နေပြီး ရခိုင်စစ်မျက်နှာတစ်ခုကလွဲရင် မြို့သိမ်းတိုက်ပွဲတွေ ငြိမ်သွားတာ တွေ့ရပါတယ်။ အခြားတစ်ဖက်မှာ MNDAA နဲ့ TNLA တို့က မြို့တွေသိမ်းအပြီးမှာ တပ်မတော်နဲ့ စစ်ရေးဆိုင်တာမရှိတော့ပေမဲ့လည်း KIA နဲ့တော့ စစ်ရေးတင်းမာမှုဖြစ်နေပါတယ်။ ဒီလိုအခြေအနေတွေ၊ နယ်မြေသိမ်းတဲ့ စစ်ရေးအသာရမှုတွေအပေါ် MT News က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA) ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာကို တွေ့ဆုံမေးမြန်းထားတာက ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA) ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာနှင့် MT News တို့ သီးသန့် မေးမြန်းချက်

၅.၅.၂၀၂၄
Written by ZUN

MT News ◾ လတ်တလောမှာ တိုက်ပွဲတွေက ဧပြီလ ပထမပတ်လောက်ကလို ပြင်းထန်နေတာမျိုး မတွေ့ရဘူးလို့ ပြောနေကြတယ်။ ဆိုတော့ လက်ရှိ အဲဒီအနေအထားအပေါ်မှာ ဘယ်လိုသုံးသပ်မိပါသလဲ။

ဗိုလ်မှူးကြီးခွန်ဥက္ကာ ◾ ငြိမ်ဆိုတာကတော့ နည်းနည်း လက်ပန်းကျလာတဲ့အခါကြတော့ နှစ်ဖက်စလုံးနားကြတာပေါ့ဗျာ။ ဘယ်လိုဆက်လုပ်ရင် ကောင်းမလဲ။ နေပြည်တော်ဘက်ကလည်း ပြန်ကြည့်လို့ကောင်းအောင် ဘယ်လိုအနည်းဆုံးတော့ Image Control လုပ်ဖို့စဉ်းစားကြတဲ့သဘောမျိုးပေါ့။ အဲ့ဒီအခါကြတော့ ခဏငြိမ်တဲ့သဘောမျိုးတော့ ထင်ရတာပေါ့လေ။

MT News ◾ Transitional Authority အဖွဲ့ ဖွဲ့ဖို့ ကိစ္စ EAO တွေ တင်ပြခဲ့တာ ရှိတယ်လေ။ အခု အဲဒီကိစ္စက ဘယ်လို အနေအထား ရောက်နေပြီလဲ။

ဗိုလ်မှူးကြီးခွန်ဥက္ကာ ◾ အဲ့ဒါကတော့ Transitional Authority လုပ်ဖို့ကတော့ တွေ့ဆုံဆွေးနွေးပွဲတစ်ခုမရှိဘဲနဲ့ မရဘူးလေ။ တစ်ခြမ်းပဲဖွဲ့လို့မရဘူး။ တစ်ခြမ်းတည်းဖွဲ့ရင် တစ်ခြမ်းပဲဖြစ်သွားမှာပေါ့လေ။ ဘာကြောင့်လဲဆိုတော့ အခုက အားလုံးက သုံးပွင့်ဆိုင်ဖြစ်လာတယ်လေ။ EAOတွေ ERO တွေဘယ်လိုပဲခေါ်ခေါ်လေ။ လက်နက်ကိုင် တိုင်းရင်းသား အင်အားစုတွေက တစ်ဖက်ဖြစ်နေတယ်။ တိုက်တာပဲဖြစ်ဖြစ်၊ မတိုက်တာဘဲဖြစ်ဖြစ် အဲ့ဒါကတစ်ဖွဲ့ဖြစ်နေတယ်။ ထို့အတူပဲ တစ်ပြည်လုံးကို အာဏာသိမ်းမယ်။ စစ်တပ်ကိုဖြုတ်ချမယ်ဆိုတဲ့ PDF ပေါင်းစုံ၊ နာမည်ပေါင်းစုံနဲ့သူတို့ PDF တွေရဲ့ဆရာပေါ့။ သူတို့ရဲ့နိုင်ငံရေးဦးဆောင်မှုက NUG လား ၊ NUCC လား ၊ CRPH လားဆိုတာ သိပ်တော့မရှင်းဘူးပေါ့။ သို့သော်လည်းပဲ အဲ့လိုမှိုလိုပေါက်နေတဲ့ PDF တွေကလည်းပဲ မြန်မာပြည်အလယ်ပိုင်းပေါ့။ စစ်ကိုင်း၊ မကွေး၊ မန္တလေးလိုနေရာမျိုးတွေမှာ ပေါ်လာတဲ့အခါကြတော့ အဲ့ဒီအဖွဲ့တွေပေါ့။ ဒီမိုကရေစီအဖွဲ့လို့ပြောရမလား။ အဲ့ဒီအဖွဲ့တွေကလည်း အင်အားစုတစ်ခုဖြစ်လာတယ်။ ဖြစ်လာတော့ အင်အားစုက(၃)ခုဖြစ်နေတော့ ဒီစစ်ရေးအရပြောရင်တော့ နယ်မြေထိန်းသိမ်းတာတို့ တိုက်ပွဲအကြီး၊ အသေး၊ အလတ်ပေါ့။ တိုင်းရင်းသားနယ်မြေမှာက ကြိုကြားဖြစ်တယ်။ ဥပမာ-ကချင်တို့လို ရှမ်းမြောက်တို့လိုမှာ ထင်ထင်ရှားရှားဖြစ်တာပေါ့။ အဲ့ဒီလို ထင်ထင်ရှားရှားဖြစ်တဲ့နေရာက တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း မိမိတို့ထိန်းချုပ်နယ်မြေဖြစ်တဲ့ ခင်ဗျားဘာလိုချင်သလဲ။ အုပ်ချုပ်ရေးကိုလက်တည့်စမ်းပြီးတော့ ချထားပေးချင်တယ်။ ပလောင်တို့လို၊ ကိုးကန့်တို့လို ဒါလုပ်နေတာတွေ့ရတယ်။ အဲ့ဒါကြောင့် ကရင်နီပြည်နယ်မှာ အုပ်ချုပ်ရေးတွေ ချနေကြတယ်။ အဲ့ပုံစံကတစ်မျိုးဖြစ်နေတယ်။ EAO က ဒါကြောင့် သူတို့ချနေတဲ့ EAO တွေကို နေပြည်တော်က ပြင်းပြင်းထန်ထန်တိုက်တာတို့၊ တွန်းတာတို့ဆိုရင် ပြဿနာရှာတာတို့ သိပ်မလုပ်ဘဲနဲ့ ဒီ PDF ဆိုတဲ့ အင်အားစုတွေပါပြီးတော့ အဲ့ဒီအင်အားစုတွေက နယ်စားအဖြစ် အဲ့ဒီအင်အားစုတွေက ကောလင်းတို့ဘာတို့အထိ သိမ်းတာရှိခဲ့တော့ အဲ့ဟာမျိုးတွေကိုတော့ သူတို့ကဆတ်ဆတ်ထိမခံဖြစ်နေတယ်။ ရှင်းရှင်းပြောရရင် နေပြည်တော်က အဲ့ဒါမျိုးကိုတော့ ဆတ်ဆတ်ထိမခံတဲ့ဟာ။ နေပြည်တော်အထိမခံတဲ့ အလယ်ပိုင်းဒေသကြတော့ မြန်မာတိုင်းရင်းသားတွေပဲထားပါတော့။ အဲ့ဒီ ခုခံတော်လှန်ရေးသမားတွေက သူတို့ပါဝင်တဲ့ စစ်ရေးအောင်ပွဲတွေကို နေပြည်တော်ဘက်က သိပ်လက်မခံချင်တဲ့သဘောရှိတယ်။ အဲ့ဒါကြောင့်တိုင်းရင်းသားတွေ ကရင်နီတို့။ ကချင်တို့။ ချင်းတို့။ ပလောင်တို့။ ကိုးကန့်တို့။ AAတို့။ ရထားတဲ့စစ်ရေးအသာစီးရမှု၊ စစ်ရေးအောင်ပွဲလေးတွေဟာ လောလောဆယ်တော့ စစ်ရေးအောင်ပွဲအဆင့်မှာပဲရှိတယ်။ လောလောဆယ်တော့ နိုင်ငံရေးရလဒ်၊ နိုင်ငံရေးအောင်ပွဲကို မရောက်လာသေးဘူး။ အဲ့လိုတွေ့ရတယ်။ ဆိုတော့ နိုင်ငံရေးအရ သဘောတူညီချက်မျိုးမဟုတ်ဘူးဆိုရင်တော့ စစ်ရေးအောင်ပွဲတွေဟာများသောအားဖြင့် ကြာကြာမခံဘူး။ ဒါကြောင့် အဲ့လိုတိုင်းရင်းသားအဖွဲ့တွေကလည်း နယ်မြေတွေဘာတွေရပြီးတော့ စစ်ရေးအောင်ပွဲလေးရှိတဲ့အချိန်မှာ နိုင်ငံရေးအောင်ပွဲ၊ နိုင်ငံရေးရလဒ်ထွက်အောင် နိုင်ငံရေးအောင်ပွဲကိုပြောင်းနိုင်အောင် ကြိုး ပမ်းဖို့လိုတယ်လို့ ကျွန်တော်အဲ့ဒီလိုတွက်ပါတယ်။

MT News ◾ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ရဲ့ လက်ရှိ အခြေအနေကိုလည်း သိပါရစေ။

ဗိုလ်မှူးကြီးခွန်ဥက္ကာ ◾ PPST တွေကတော့ လက်ရှိဦးဆောင်အဖွဲ့ကတော့ RCSS ဖြစ်နေတာကိုး။ RCSS ကတော့ ပါးပါးနပ်နပ်နဲ့မြို့နယ်(၃)ခုပေါ့။ လင်းခေး၊ မိုင်းမွန်၊ မိုင်းကိုင်(၃)ခုမှာ ကွင်းဆင်းတယ်။ လူတွေ့ရင် တစ်သောင်း၊နှစ်သောင်းတွေ့တယ်။ စစ်သားအသစ်စုဆောင်းတယ်။ ပြီးတော့ စစ်သင်တန်းတွေ မြို့နယ်အလိုက်ဖွင့်တယ်။ နောက်ပြီးတော့ ရန်ပုံငွေတွေကောက်တာပေါ့။ သူကတော့ ဘာကိုပြလဲဆိုရင် သေနတ်မဖောက်ဘဲနဲ့ မြို့တွေသိမ်းလို့ရတာပဲဆိုတာကို နမူနာပြတယ်။ ရွာတွေလည်းမပျက်ဘူး။ အိမ်တွေလည်းမီးမလောင်ဘူး။ ဘယ်သူ့မှလည်း ဘာမှ မဖြစ်ဘူး။ဒါပေမဲ့ လင်းခေးတို့၊ မိုင်းမွန်တို့၊ မိုင်းပန်တို့ကို သူသုံးလိုက်တဲ့သဘောပေါ့။ သူတရားဟောတယ်။ ဖြတ်သွား၊ ဖြတ်လာ လူတွေတွေ့တယ်။ လူသစ်စုဆောင်းတယ်။ ရန်ပုံငွေကောက်တယ်။ သူလုပ်ချင်တာလုပ်လို့ရတယ်။ မြို့ထဲမှာ လုပ်လို့လည်းဖြစ်တယ်။ အဲ့ဒါက သေနတ်မဖောက်ဘဲ သူကမြို့ရသလိုဖြစ်သွားတယ်။ မြောက်ပိုင်းဆိုရင် ပလောင်တွေဆိုရင် မြို့ကိုရဖို့က တိုက်ကြ၊ ခိုက်ကြ၊ ဗုံးတွေကြဲ။ တံတားတွေချိုးပြီးတော့မှ အုပ်ချုပ်ရေးကိုလုပ်တယ်။ RCSS က ဘာမှမလုပ်ဘူး။ မလုပ်ဘဲနဲ့ အုပ်ချုပ်ရေးပဲလုပ်နေတာ မတွေ့ဘူးလား။ သူက ပါးပါးနပ်နပ်နဲ့အခြေအနေကို အသုံးချနိုင်တယ်လို့ ပြောလို့ရတာပေါ့။ NCA အဖွဲ့က အဲ့ဂွင်ကို နမူနာပြနေတာပေါ့။ မြို့သိမ်းလို့ရတယ်။ သေနတ်မဖောက်ဘဲနဲ့သိမ်းလို့ရပါတယ်ဆိုတာကို သူက နမူနာပြနေတာပေါ့။

MT News ◾ မကြာခင် မိုးရာသီလည်းရောက်တော့မယ်။ တိုက်ပွဲတွေလည်း အထိုက်အလျောက်တော့ လျော့လာနေတယ်။ ဒီလို အခြေအနေကာလမျိုးမှာ နစကနဲ့ အတူ PPST အပါအဝင် EAO တွေ ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်လာနိုင်ဖို့ အလားအလာများ ရှိနေမလား။

ဗိုလ်မှူးကြီးခွန်ဥက္ကာ ◾ ပြည်တွင်းမှာ အဲ့ဒီကိစ္စကို NCA ထိုးထားတဲ့အဖွဲ့ကပဲ တရားဝင်လုပ်ကိုင်ခွင့်ရှိတာပေါ့နော်။ ဒါပေမဲ့ ပြည်တွင်း အနေနဲ့ NCA ထိုးတာက တကယ်ကိုအားရှိတာမဟုတ်ဘူး။ ဒါကြောင့် စာချုပ်စာတမ်းအထောက်အကူနဲ့ တရားဝင်မှုဖြစ်အောင်ပဲလုပ်နေရတာ။ ကျန်တာကတော့ ကြီးကြီးကျယ်ကျယ်မရှိပါဘူး။ ဒါကြောင့် NCA လက်မှတ် မထိုးတဲ့သူတွေက အင်အားရှိကြတယ်။ နယ်မြေရှိကြတယ်။ အဲ့ဒီလိုလူတွေပါလာဖို့လည်း စည်းရုံးဖို့လိုတယ်။ တစ်ဖက်ကလည်း အဓိက ပင်မ ရင်ဆိုင်နေတာက နေပြည်တော် နစကနဲ့ NUG,PDF တွေပေါ့။ ဒါက သူတို့ကနိုင်ငံရေးအရရော၊ စစ်ရေးအရရော ရင်ဆိုင်နေကြတယ်။ ဒီလူတွေကလည်း ဆွေးနွေးပွဲပါလာပြီဆိုရင်တော့ တတိယအင်အားစုလို့ခေါ်တဲ့ အိမ်နီးနားချင်းတွေပေါ့။ တရုတ်တို့၊ ထိုင်းတို့။ အိန္ဒိယတို့။ အခု အာဆီယံဥက္ကဋ္ဌလုပ်တဲ့ လာအိုတို့။ အဲ့ဒါတွေပါပြီးတော့ တတိယအင်အားစုအတွက် အာမခံချက်ရှိရှိ လုံခြုံရေးပေးမယ်ဆိုပြီး အဲ့လိုလုပ်ရင်တော့ ဆွေးနွေးပွဲတွေစပြီး ပေါ်လာနိုင်တယ်။ တတိယအင်အားစုက ကြားမခံဘဲနဲ့ဆိုရင် မာနတွေကရှိကြတာကိုး။ နေပြည်တော် နစက ကလည်း အကြမ်းဖက်နဲ့ ငါမဆွေးနွေးဘူး။ NUG က ပြောရေးဆိုခွင့်ရှိသူ နေဘုန်းလတ်လား၊ ဘာလား။ နယ်ကျော်အပြောတွေပေါ့။ စစ်တပ်က လက်နက်ချမှ စကားပြောမယ်တို့ဘာတို့။ နယ်ကျော်အပြောတွေပြောကြတာပေါ့။ သူ့ဘက်ကိုယ့်ဘက် အချင်းချင်းထိုင်သင့်မြတ်ဖို့မလွယ်ဘူး။ သူ့ဟာက စကားတွေက ကျွံနေတော့ တတိယအင်အားစုကဖိအားနဲ့ ဒီအခြေအနေက ဆက်သွားလို့မရဘူး။ ခင်ဗျားတို့ဒီအတိုင်းပဲ စကားပြောမှရမယ်။ စကားမပြောဘူးဆိုရင်တော့ တရုတ်က ကျုပ်တို့ရဲ့အကျိုးစီးပွားတွေ၊ ရထားလမ်းဖောက်မယ့်ကိစ္စတွေ၊ ရေနံပိုက်လိုင်းတွေ၊ ဂတ်စ်ပိုက်လိုင်းတွေ၊ ကျောက်ဖြူစီမံချက်တွေ၊ ဒီအကျိုးစီးပွားရေးတွေကိုကာကွယ်ဖို့၊ ငြိမ်းချမ်းရေးထိန်းသိမ်းရေးအကန့်တွေနဲ့ တရုတ်တပ်ကို အချုပ်အနှောင်လုပ်ရမယ်ဆိုတာကို ဖြစ်လာတာကိုး။ မဒေးကျွန်းမှာ ဘယ်အဖွဲ့မဆို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖွဲ့သွားထိရင် တရုတ်က သူတို့အကျိုးစီးပွားကို သူတို့ကာကွယ်မှာပဲလေ။ဒုက္ခရောက်သွားမယ်။ တရုတ်က အဲ့လိုခြိမ်းခြောက်မှုရှိတော့ တရုတ်က အဲ့ဒီ​လိုဝင်လာပြီဆိုရင် နိုင်ငံခြားတပ်တွေလည်းဝင်တော့မယ်လေ။ သူ့တပ်ကို ပြည်တွင်းထည့်ရင် အိန္ဒိယကလည်း သူနယ်စပ်မှာ သူစဉ်းစားမှာပေါ့။ ဘယ်လိုလုပ်မလဲ။ အမေရိကန်ကတော့ လာမှာမဟုတ်ဘူး။ ဒါပေမဲ့ဘယ်သူ့ကိုမြှောက်ပေးရမလဲ။ ပိုက်ဆံပေးမယ်။ အမေရိကန်က တစ်ဖက်ဝင်၊ တရုတ်ကတစ်ဖက်ဝင်ဆိုရင် မြန်မာပြည်က အင်အားကြီးတွေရဲ့ကစားကွင်းဖြစ်သွားမယ်။ အဲ့ဒီအန္တရာယ်လည်းရှိတော့ လောလောဆယ် စကားပြောကြဖို့က စဉ်းစားစရာအကောင်းဆုံးပဲလို့ ပြောချင်ပါတယ်။

MT News ◾ အခုလိုဖြေကြားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ် ရှင့်။

Leave a Reply

Your email address will not be published. Required fields are marked *