၅.၅.၂၀၂၄
Written by ZUN

ယခုလကုန်တွင်ကျင်းပမည့် ခရီးရှည်မြင်းစီးအားကစားအရည်အချင်းစစ်ပြိုင်ပွဲ FEI, One star Qualification Round-3 ကို ရာသီဥတုပူပြင်းသောကြောင့် ဇွန်လကုန်သို့ ရွှေ့ဆိုင်းလိုက်ကြောင်း မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်က သိရသည်။

အဆိုပါ ပြိုင်ပွဲကို မေလ(၃၀)ရက်တွင် နေပြည်တော်၌ ကျင်းပရန်သတ်မှတ်ထားခဲ့ခြင်း ဖြစ်သော်လည်း လက်ရှိ အချိန် ပူပြင်းလှသောရာသီဥတုအခြေအနေကြောင့် ဇွန်လ(၃၀)ရက်သို့ ပြောင်းလဲရွှေ့ဆိုင်းကျင်းပရန် သတ် မှတ်လိုက်ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၊သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိ သူ ဦးဝင်း အောင်က MT Entertainment ကို ပြောသည်။

FEI, One star Qualification Round-1 တွင် ကီလိုမီတာ ၅၀ ခရီးရှည် ၊ FEI, One star Qualification Round-2 တွင် ၇၅ ကီလိုမီတာ ခရီးရှည်တို့ကို စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ယခု ပြုလုပ်မည့် FEI, One star Qualification Round-3 တွင် ၈၅ ကီလိုမီတာခရီးရှည်ကို စစ်ဆေးမည် ဖြစ်ကြောင်းလည်း သိရသည်။

“အဲဒီ ပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်လိုတဲ့ ကလပ်အသင်းတွေအနေနဲ့လည်း ပြိုင်ပွဲရက်မတိုင်မီ တစ်လ ကြိုတင်စာရင်းပေးသွင်းရမှာပါ။ လက်ရှိမှာလည်း စာရင်း ပေးသွင်းထားတဲ့ ကလပ်တွေ ရှိနေပါပြီ။ စာရင်းကတော့ မပေါင်းရသေးဘူး။ အချိန်ကလည်း လိုသေးတာ ဆိုတော့လေ။ လောလောဆယ် မြင်းစီးကလပ်တွေကတော့ အဖွဲ့ချုပ်မှာ မှတ်ပုံတင်ထားတာနဲ့ ထပ်တင်မယ့် ကလပ်တွေနဲ့ဆိုရင်တော့ ၅ ခု နဲ့ ၁၀ ခု ကြားတော့ ရှိလာ နိုင်ပါတယ်”ဟု ယင်းက ပြောသည်။

မြင်းစီးအားကစားနည်းမှာ အိုလံပစ်အားကစားနည်းတစ်ခုဖြစ်ပြီး နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှု ရရှိစေရေး၊ မြင်းစီးအားကစားသမားများစွာ ပေါ်ထွက်လာစေရေးနှင့် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရေး ရည်ရွယ်လျက်  မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူး ပြုလုပ်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *