၂၇.၄.၂၀၂၄
Written By Thandar

မြန်မာနဲ့ ထိုင်း ပူးပေါင်းရိုက်ကူးထားတဲ့ စိတ်ဝင်စားစရာ သုံးပွင့်ဆိုင် Girl’s Love Series ပုံစံ “အချစ်နှင့်ခေမရဌ်” ဇာတ် လမ်းတွဲကို ကျိုင်းတုံနဲ့ချင်းမိုင်ဘက်မှာ အခက်အခဲမျိုးစုံနဲ့ အကောင်းဆုံး ပုံဖော်ရိုက်ကူးခဲ့တယ်လို့ ဒါရိုက်တာ ကျော်ထင်က MT Entertainment ကိုပြောပါတယ်။

“ဇာတ်ကားက ထူးဆန်းတယ်ဗျ။ ကျွန်တော်ရဲ့ ကံလိုပဲပြောရမလား။ Series တွေထဲမှာဆိုရင် မြန်မာနိုင်ငံမှာဆိုရင် ဇာတ် လမ်းတွဲက ထိုင်းသရုပ်ဆောင်တွေနဲ့ ရိုက်ရတဲ့ ဇာတ်လို့ပြောလို့ရတယ်။ ထိုင်းမင်းသမီး နှစ်ယောက်ပါတယ်။ မြန်မာကတော့ ယမင်းမေဦးပေါ့။ သုံးယောက်ရဲ့ ထူးခြားဆန်းကြယ်တဲ့ ရှမ်းအရှေ့ဒေသကို တည်ထားတဲ့ ဇာတ်လမ်းလေးပါ။ အဓိက စော်ဘွားတွေနေထိုင်ခဲ့တဲ့ ကျိုင်းတုံမှာ တစ်လကျော် ရိုက်ကူးခဲ့သလို ချင်းမိုင်ဘက်မှာ နှစ်ပတ်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ကျိုင်းတုံက တကယ့်စော်ဘွားတွေရဲ့ နယ်မြေ၊ နတ်ကွန်းတွေ၊ ခက်ခဲမှုတွေ ရှိပါတယ်။ ရှေးဟောင်းဘုန်းကြီးကျောင်းတွေမှာလည်း ရိုက်ကူးထားလို့ ထူးခြားမှုတွေ ကြုံတွေ့ရတွေလည်း ရှိပါတယ်။ ဒီဇာတ်ကားရိုက်ကူးချိန်မှာ ထင်မှတ်မထားတဲ့ အခက်အခဲတွေကြုံတွေခဲ့တယ်”လို့ ဒါရိုက်တာကျော်ထင်က ပြောပါတယ်။

အဆိုပါဇာတ်ကားကို ဇာတ်ညွှန်းဖြိုးသဉ္ဇာကျော်က ရေးသားပြီး ဒါရိုက်တာကျော်ထင်က အချစ်နှင့် ခေမရဌ်ဆိုတဲ့ အတိုင်း ဖြစ်ရပ်မှန် ချင်းမိုင်မင်းသမီးနဲ့ ကျိုင်းတုံမင်းသားတိုရဲ့ အချစ်နဲ့ငြိမ်းချမ်းရေး တည်ထားတဲ့ ဇာတ်လမ်းလည်းဖြစ်တယ်လို့ သိရပါတယ်။ သရုပ်ဆောင် ယမင်းမေဦး၊ ထိုင်းသရုပ်ဆောင် Miss Kit Jianarat Nantanarungruang၊ ထိုင်းသရုပ်ဆောင် Miss Phattaranan ၊ စိုင်းဝေမျိုးသော်၊ ရွှန်းမျက်ခြယ်နဲ့ PCC သရုပ်ဆောင်သင်တန်းဆင်းတွေက ပါဝင်သရုပ်ဆောင်ကြမှာဖြစ်ပါတယ်။

“ဒီကားလေးက သာမန်မဟုတ်တဲ့ တွေ့ဆုံမှုတွေနဲ့အတူ မိန်းကလေးသုံးယောက်ရဲ့ လှပတဲ့ ချစ်ခြင်းမေတ္တာကို သုံးပွင့်ဆိုင် GL Series ပုံစံလေးပါ။ ကျွန်တော်တို့အတွက် တကယ့်ကို ကျိုင်းတုံကတော့ အောင်မြေပါပဲ။ ဇာတ်လမ်းတော်တော်များများ ကျိုင်းတုံရိုက်တာ မရှိဘူးလို့ပြောလို့ရတယ်။ နယ်မြေသစ်မှာ ရိုက်ခဲ့တာပါ။ ပြည်ပသရုပ်ဆောင်တွေနဲ့ရိုက်ရလို့ အတွေ့ အကြုံ အသစ်တွေ ပိုရပါတယ်။ ကျိုင်းတုံ၊ ချင်းမိုင်နဲ့ ရန်ကုန်မြို့​တို့မှာ ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။ ကုန်ကျစရိတ်တွေလည်း ရိုက်နေကြကားတွေထက် ပိုအကုန်အကျခံရိုက်ကူးထားတာပါ” လို့ သူက ဆက်ပြောပါတယ်။

ဒီဇာတ်ကားကိုတော့ မြန်မာနိုင်ငံ ရှမ်းပြည်အရှေ့မြောက်ပိုင်း ကျိုင်းတုံမြို့နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တို့ရဲ့ အလှအပတွေအပြင် ထိုင်းသရုပ်ဆောင်တွေ ထိုင်းဘာသာစကားနဲ့ မြန်မာသရုပ်ဆောင်က မြန်မာစကားပြောနဲ့ သရုပ်ဆောင်ကြမှာပါ။ မိနစ် ၃၀ စာအပိုင်း ၂၁ ပိုင်းပါဝင်မယ့် “အချစ်နှင့် ခေမရဌ်” ဇာတ်လမ်းတွဲလည်းဖြစ်ပြီး လာမယ့် မေလထဲမှာ Channel K ရုပ်သံလိုင်းမှာ ပြသသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *