၂၇. ၄.၂၀၂၄
Written by Hey Mar

လွန်ခဲ့တဲ့တစ်ပတ်ခန့်က မီနီအိုးဝေနဲ့အတူ ပျောက်ဆုံးနေတဲ့ယာဥ်မောင်းကို လက်ရှိ ဧပြီလ ၂၇ ရက်နေ့အထိ ပြန်လည်ရှာဖွေတွေ့ရှိခြင်းမရှိသေးတဲ့အတွက် မန္တလေးမီနီအိုးဝေအသင်းအဖွဲ့တာဝန်ရှိသူက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဓာတ်ပုံနဲ့တကွတင်ပြီး အကူအညီတောင်းခံလာပါတယ်။

ပျောက်ဆုံးနေတဲ့ မီနီအိုးဝေ ယာဥ်မောင်းဟာ ကျောက်ဆည်မြို့ ဆေးရုံရှေ့ရှိရပ်ကွက်မှာနေထိုင်သူဖြစ်ကာ အသက် ၃၅ နှစ်အရွယ် ကိုအောင်ကိုလို့ သိရပါတယ်။ သူက ဧပြီ ၂၀ ရက် နေ့လယ်တစ်နာရီဝန်းကျင်က ကျောက်ဆည်မြို့၊ ကျောက်ဆည်ဆေးရုံဘက်ကနေ စစ်ကိုင်းမြို့ကို အိုးဝေအငှားလိုက်သွားရာကနေ ဒီနေ့အချိန်အထိ ပျောက်ဆုံးနေတာပါ။

မီနီအိုးဝေတက္ကစီဂရုမှ တာဝန်ရှိသူကိုငြိမ်းချမ်းက “အဲ့ဒီအစ်ကို ပျောက်တဲ့နေ့က ညဘက်အထိ ပြန်မလာတော့ သူတို့ ကျောက်ဆည် မီနီအိုးဝေအဖွဲ့ကနေပြီး ကျွန်တော်တို့ မန္တလေးအဖွဲ့ကို လာချိတ်ဆက်တယ်။ အဲ့ဒါနဲ့ အရင်ဆုံး လူမှုကွန်ရက်ပေါ် အရင်တင်လိုက်တာမှာ ပျောက်ဆုံးနေတဲ့ ယာဥ်မောင်းရဲ့အမျိုးသမီးက ကျွန်တော့်လူမှုကွန်ရက်ပေါ်က သူ့အမျိုးသားနဲ့ ပတ်သက်တာကို ဖြုတ်ပေးဖို့ သူ့အမျိုးသားအန္တရာယ်ဖြစ်မှာ စိုးလို့ဆိုပြီး တောင်းဆိုတာနဲ့ ပြန်ဖြုတ်ပေးလိုက်တယ်။ ဒီနေ့ကြ ကျွန်တော်တို့ မန္တလေးက တခြားသတင်းဌာနမှာ ကိုအောင်ကို အကြောင်းတင်လာတာတွေ့တော့ အမျိုးသမီးကို ပူးပေါင်းဆောင်ရွက် ကူညီလို့ရအောင် ကျွန်တော်တို့ ထပ်ဆက်သွယ်တော့လည်း သူက ရဲစခန်းတိုင်ထားတယ်ပဲ ပြောတယ်။ ဘာမှ ရေရေရာရာတော့မပြောဘူး။ မလုပ်တတ် မကိုင်တတ်နဲ့ ငိုနေကြတာပဲ။ ၆ လသားကလေးလေးလည်း ကျန်ခဲ့တယ်တဲ့။ သူ့အမျိုးသားက စစ်ကိုင်းလည်း မရောက်ဘဲ CCTV မှတ်တမ်းတွေအရ ကျောက်ဆည်နဲ့ စဥ့်ကိုင်ကြားမှာ ပျောက်နေတာ။ အဲ့ဒီ့ဘက်က ပြောရရင် နယ်မြေကြမ်းတယ်။ ခိုးဆိုးလုတွေ စတည်းချနေတဲ့ တကြော”လို့ MT News ကို ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ မီနီအိုးဝေ ယာဥ်အမျိုးအစားက RE ယာဥ်အမှတ်12U-4403 ဖြစ်ပြီး စဥ့်ကိုင်တိုးဂိတ်မှာ နောက်ဆုံး CCTV မှတ်တမ်းရခဲ့ပေမဲ့ တခြားတိုးဂိတ်တွေမှာ ယာဥ်နဲ့အတူ CCTV မှာ အထွက်မပြခဲ့ဘူးလို့လည်း သိရပါတယ်။

ငှားရမ်းသွားသူတွေက အမျိုးသား ၂ ဦးနဲ့အတူ အောက်စီဂျင်အိုးပါ ပါပြီး စစ်ကိုင်းကို ငှားရမ်းလို့ လိုက်သွားတာလို့သာ သိရပါတယ်။ အဲဒီ ငှားရမ်းသူအမျိုးသား ၂ ဦးမှာ တစ်ဦးက မီနီအိုးဝေယာဥ်မောင်းသူရဲ့ဘေးမှာ အတူထိုင်နေတာကို CCTV မှာ မြင်တွေ့ခဲ့ရတယ်လို့လည်း မီနီအိုးဝေ တက္ကစီဂရုက တာဝန်ရှိသူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့ကလည်း မန္တလေးမှာ မီနီအိုးဝေသမားတစ်ဦး ဓားထိုးလုယက်သတ်ဖြတ်ခံရပြီး ဇနီးနဲ့ အသက် ၃ နှစ်အရွယ် သားငယ်ကျန်ရစ်ပါတယ်။

ရန်ကုန်မြို့မှာတော့ တက္ကစီအငှားယာဥ် လုယက်ခံရတာတွေ မကြာခဏဖြစ်ပွားနေပြီး နှစ်နှစ်ကျော်ကာလအတွင်း ကျူးလွန်သူတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက အမြစ်ပြတ်မဖြေရှင်းနိုင်သေးဘဲ ပြီးခဲ့တဲ့ ဧပြီလ ၂၄ရက်နေ့ ညပိုင်းကလည်း ရန်ကုန်မြို့ တာမွေမြို့နယ်မှာ တက္ကစီယာဥ်မောင်းတစ်ဦး ဓားနဲ့ထိုး အသတ်ခံခဲ့ရပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *