၂၇. ၄. ၂၀၂၄
Written by Nay Moe

လိုင်ဇာအဝင်ဆိုင်းဘုတ်ကို မနေ့က ပြန်လည်ဖွင့်လှစ်အပြီးမှာ KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က နယ်မြေလုတိုက်ခိုက်သိမ်းပိုက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းတောင် လက်နက်နဲ့အဝင်မခံ၊ ခြေအချမခံဘဲ KIA တပ်ဖွဲ့ဝင်တွေနှင်ထုတ်၊ ရုံးတွေပိတ်ခိုင်းပြီး သတိပေးစာပို့နေတဲ့ MNDAA ၊ AA နဲ့ TNLA တို့ကို လူစကားနားမလည်တဲ့ ခွေးသုံးကောင်အဖြစ် ရည်ညွှန်းရေးသားလိုက်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က လိုင်ဇာဝင်ပေါက်ကို ပြန်လည်ဖွင့်လှစ်ကြောင်း အသိပေးတဲ့စာမှာ လိုင်ဇာဝင်ပေါက်ကို ဆယ်စုနှစ် တစ်ခုကျော်မှ ပြန်လည်ဖွင့်လှစ်နိုင်တာဖြစ်ကြောင်းနဲ့ “ပြန်လည်ဆုံတွေ့ကြပါစို့” နဲ့ “လိုင်ဇာမြို့မှ ကြိုဆိုပါ၏” ဆိုတဲ့ ကချင်+မြန်မာဆိုင်းဘုတ်နှစ်ခုပုံကို “အောင်ပွဲခံခြင်းမဟုတ်ပါ”ဆိုတဲ့စာတစ်စောင်နဲ့ “ယနေ့မနက်၊ အဝင်ဆိုင်းဘုတ် စိုက်ထူပြီး ဆုတောင်းကြပါတယ်။ (အောင်ပွဲခံခြင်း မဟုတ်ပါ) (၁၀)နှစ်ကျော်မှ လိုင်ဇာဝင်ပေါက်များ ပြန်ဖွင့်နိုင်ခဲ့ကြချိန် ဒေသနေသူများ အတိုင်းအတာတစ်ခုထိ လွတ်လပ်မှု ရသကို ပြန်ရရှိခဲ့ပါတယ်။ တစ်နိုင်ငံလုံး လွတ်လပ်မှု အရသာ ခံစားနိုင်ဖို့ ဆက်လက် ကြိုးစားကြရပါအုံးမယ်။” ဖော်ပြခဲ့ပြီး မှတ်ချက်မှာတော့ “(မှတ်ချက်။ ။ မိတ်ဆွေ (၃) ကောင်၊ အဆင်ပြေပါတယ်။ ကချင်စကားတော့ သိပ်နားမလည်ကြသေးပါဘူး)” လို့ ခွေးသုံးကောင်ပုံပါထည့်ပြီးတော့ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

“ဒီလပိုင်းတွေထဲမှာ MNDAA တို့ TNLA တို့က ရှမ်းက မြို့တွေသိမ်းလိုက်အပြီးမှာ လက်နက်ကိုင်ထားရင် ဘယ် တိုင်းရင်းသားလက်နက်ကိုင်မှ ပေးမဝင်တာ၊ တိုက်ပေးခဲ့တဲ့ PDF တွေကိုတောင် သူတို့နယ်လက်နက်နဲ့အဝင်မခံအဖြတ်မခံတာ၊ အခုရက်ပိုင်းတင် KIA မုံးကိုးရုံးကို MNDAA ပိတ်တာ၊ ကချင်ရိုးရာမနောင်ခန်းမအဆောက်မခံတာ၊ ကချင်စစ်ရှောင်တွေကို နှင်ထုတ်တာ၊ ရှမ်းမြောက်မှာ ကွတ်ခိုင်နဲ့ မူဆယ်က KIA တပ်တွေထွက်ဖို့ TNLA က ဖိအားပေးပြီး ရုံးဖွင့်ချင်ရင် သူ့ဆီခွင့်တောင်းဖို့ပြောတာတွေကို မကျေနပ်လို့ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ကို ကချင်စကား၊ လူ့စကား ကချင်စကားနားမလည်တဲ့ ခွေးသုံးကောင်အဖြစ်နှိုင်းလိုက်တာပေါ့။ ရှမ်းမြောက်က ကချင်၊ ရှမ်း၊ ပလောင်(တအောန်း)၊ ကိုးကန့် အကုန်ရောနေသလို လက်နက်ကိုင်တွေလည်း ရောနေတယ်။ နဂိုကတည်းကလည်း ရှမ်းကလည်းသူ့ပြည်နယ်၊ ကချင်ကလည်း Kachin Sub-state၊ TNLA နဲ့ MNDAA ကလည်း သူတို့တိုက်ယူထားလို့ သူတို့အပိုင်ပေါ့။ လက်ရှိမှာတော့ သူတို့ကြား အချင်းချင်းချလို့မဖြစ်သေးဘဲ တပ်ကိုပဲတိုက်နေရလို့ တိုင်းရင်းသားအချင်းချင်းမချသေးပေမဲ့ တစ်ချိန်တော့ ပေါက်ကွဲလာမဲ့ချိန်ကိုက်ဗုံးလို နယ်မြေလုမှု ဖြစ်နေတာပေါ့။ ဂွမ်​မော်ကလည်း ကချင်စစ်ရှောင်တွေနှင်ထုတ်ခံရတာ၊ KIA ရုံးတွေချိပ်ပိတ်ခံရတာကြောင့် မကျေနပ်ဘူးဆိုတာသိဖို့ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ကို ကချင်စကား၊ လူ့စကားနားမလည်တဲ့ ခွေးသုံးကောင်အဖြစ် ခိုင်းနှိုင်းလိုက်တာပေါ့” လို့ နိုင်ငံရေးသုတေသီတစ်ဦးက KIA စစ်ဦးစီးချုပ်ရဲ့ ရည်ညွှန်းချက်ကို စိပ်ဖြာသုံးသပ်ပါတယ်။

KIA စစ်ဦးစီးချုပ်အသုံးပြုတဲ့ Samlut Gunmaw အကောင့်မှာ တင်ခဲ့တဲ့ မိတ်ဆွေသုံးကောင်ဆိုပြီး ခွေးပုံခိုင်းနှိုင်းဖော်ပြတာက လတ်တလောကာလမှာ စစ်ရေးအရတင်းမာမှုနယ်မြေအငြင်းပွားမှုဖြစ်နေတဲ့ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ကို ရည်ညွှန်းတာလို့ သဘောပေါက်ကြတဲ့သူတွေက “ကချင်စကားနားလည်အောင် လက်ပေးသင်ဖို့” မှတ်ချက်ပေးခဲ့သလို “မှတ်ချက်စာသားက ပိုထိ”တယ်လို့ ရေးသားခဲ့တဲ့အပြင် သွန်းနေစိုးကလည်း “လှလိုက်တဲ့ Satire(သရော်စာ) လို့ မှတ်ချက်ပေးခဲ့တာကို တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *