၂၆.၄.၂၀၂၄
Written By Thandar

The Voice Myanmar သီချင်းဆိုပြိုင်ပွဲကတစ်ဆင့် ပရိသတ်ချစ်ခင်မှုကို ရရှိထားတဲ့ တေးသံရှင် ခင်ရတနာစိုးကတော့ ကိုယ်ပိုင်သံစဥ် “စိုးကြီး” Music Video ကို သဘာဝကျကျရိုက်ကူးသီဆိုပြီး ပရိသတ်ကို ဘဝအမောပြေစေဖို့ လက်ဆောင်ပေးလိုက်တယ်လို့ဆိုပါတယ်။

“ဒီ Title လေးပေးဖြစ်တာက တေးရေးဆရာ ကိုသဟာအောင် ရေးပေးထားတဲ့ ဗိုလ်အောင်ဒင်ကို ကိုကြီးမနောဆိုတာ သဘောကျတော့ ညီမလည်း ဗိုလ်အောင်ဒင်လို့ မြူးဇစ်ပုံစံကို ကြိုက်တယ်။ ညီမက ရွာတစ်ရွာမှာ ဇိုးတစ်ယောက်ပေါ့။ ကာလသားတစ်ယောက် မိုးလင်းကမိုးချုပ် ပတ်မွှေနေတာကို တစ်ရွာလုံး ချစ်ကြတဲ့ပုံစံလေး ရိုက်ကူးသီဆိုထားတာကို ကိုသဟာအောင်က စိုးကြီးဆိုပြီး နာမည်လေး ပေးဖြစ်သွားတာပါ ”လို့ တေးသံရှင် ခင်ရတနာစိုးက MT Entertainment ကို ပြောပါတယ်။

အဆိုပါ Own tune ပုံစံ တေးသီချင်းကိုတော့ တေးရေး သဟာအောင်က ရေးသားထားပြီး Mono Music ပုံစံ မြန်မာဆိုင်းနဲ့ သေသေချာချာ တီးခတ်ထားတယ်လို့ ဆိုပါတယ်။ ဒါရိုက်တာ Kina က သရုပ်ဆောင်အနေနဲ့ ခင်ရတနာစိုး၊ ဖိုးသောကြာ၊ ငယ်ချစ်၊ လှိုင်ဘွား၊ ဦးကျော်စိုး၊ စန္ဒာဦး၊ လှကေသီ၊ စံနမူ၊ မေဇင်ယ မင်းနု၊ ဒရယ်မီးရွာသူရွာသားတွေနဲ့ သဘာဝကျကျ တောဓလေ့ပုံစံ ရိုက်ကူးပုံဖော်ထားတယ်လို့ သိရပါတယ်။

“ဒီသီချင်းမှာ ညီမ သရုပ်ဆောင်ထားတာ တော်တော်လေးကို ပင်ပန်းပါတယ်။ တစ်ရက်ထဲနဲ့ ညီမ ဆိုင်းတစ်ဖွဲ့လုံးနဲ့ အပြီးရိုက်ထားတာပါ။ ညီမကိုယ်တိုင်လည်း အလှအပရေးရာကို ဦးစားမပေးဘဲ ပုဆိုးကြီးနဲ့ သဘာဝ ကျကျ ရွာထဲမှာ ဆိုးသွမ်းနေတဲ့ ကာလသားတစ်ယောက်လို့ သရုပ်ဆောင်ထားပါတယ်။ ဒီသဘာဝကျတဲ့ ကာရိုက်တာလေးဖြစ်ဖို့ သေချာကြိုးစားထားပါတယ်။ ဒီသီချင်းလေး နားဆင်ကြည့်ရှုရင် စိတ်အပန်းပြေစေမယ်လို့ ထင်ပါတယ်။ စိတ်ညစ်နေသူတွေလည်း ပျော်ရွှင်စရာ ရယ်စရာလေးတွေ ဟာသပုံစံ အားလုံးဝိုင်းဝန်းပုံဖော် ထားကြပါတယ်” လို့ သူမက ဆက်ပြောပါတယ်။

ခင်ရတနာစိုးရဲ့ “စိုးကြီး” Music Video ကို ယနေ့ ဧပြီ ၂၆ ရက် ညနေ ၅ နာရီမှာ ခင်ရတနာစိုးရဲ့ Facebook မှာ Teaser ကြည့်နိုင်ပြီးတော့ သူမရဲ့ Youtube မှာတော့ Full MVကို ကြည့်ရှူခံစားရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *