၂၆. ၄. ၂၀၂၄
Written by Nay Moe

ဧပြီ ၁၇ ရက်က လွတ်ငြိမ်းချမ်းသာခွင့်ပေးအပ်ရာမှာ မပါဝင်လို့ဆိုပြီး ဧပြီလ(၁၈)ရက်နေ့က မြစ်ကြီးနားအကျဉ်းထောင်တွင်း ဆန္ဒပြမှုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ဒီဖြစ်စဉ်အပေါ် ပြေလည်အောင် ဖြေရှင်းပေမဲ့ ထိန်းသိမ်းမရတာကြောင့် ပစ်ခတ်ဖြိုခွင်းရာမှာ အကျဥ်းသားလေးဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တာကြောင့် ထောင်ဝန်ထမ်းငါးဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

ဧပြီလ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဆူပူမှုကြောင့် ပစ်ခတ်နှိမ်နင်း ဖြိုခွင်းရာမှာ အသက် (၂၄)နှစ်အရွယ် အကျဉ်းသား ကျော်စိုးဝင်း၊ အသက်(၂၂)နှစ်အရွယ်အကျဉ်းသား အောင်နိုင်ထွန်း၊ အသက် (၄၂ )နှစ်အရွယ် အကျဉ်းသား ညွန့်ဌေးနဲ့ အသက်(၄၃)နှစ်အရွယ်အကျဉ်းသား ထွန်းဝင်းတို့ သေဆုံးခဲ့ရသလို ဒီလိုမျိုး အကြမ်းဖက်မှု ဖြိုခွင်းမှုဖြစ်စဉ်အတွင်း အသက်အန္တရယ်စိုးရိမ်ရတဲ့ ဒဏ်ရာရရှိသူ အကျဉ်းသား ယိန်းဘောမ် လည်း ဧပြီ ၂၁ ရက်နေ့မှာ ထပ်မံသေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဥ်းသားများကွန်ရက် (PPNM) က ​ပြောပါတယ်။

ဒါ့အပြင် ဆန္ဒပြမှုမှာ ပါဝင်တဲ့ အကျဉ်းသား(၁၉)ဦးကို တိုက်ပိတ်ထားပြီး ထောင်တွင်းပြစ်ဒဏ်အမိန့်ချမှတ်ဖို့ ပြင်ဆင်နေသလို ပါဆယ်ပို့ခွင့်လည်း ပိတ်ထားပြီး ဒီလိုဖြစ်ရပ်တွေကြောင့် ဧပြီလ ၂၄ ရက်နေ့မှာ ထောင်ပိုင်လေး၊ထောင်ဆေးရုံဆရာဝန် အပါအဝင် ထောင်ဝန်ထမ်း ငါးဦးကို ဖမ်းဆီး စစ်ဆေးနေတာလို့ PPNM က ပြောပါတယ်။

MT News သတင်းဌာနအနေနဲ့ အကျဥ်းသား ၄ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့တဲ့ ဒီသတင်းဖြစ်စဥ်နဲ့ပတ်သက်ပြီး ထောင်ဝန်ထမ်း ၅ ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်ဆိုတဲ့အပေါ် တာဝန်ရှိသူတွေထံ မှန်ကန်မှု ရှိမရှိ ဆက်လက်အတည်ပြုနေပြီး ထပ်မံသိရှိရတာတွေ ဖော်ပြပေးပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *