၂၆. ၄. ၂၀၂၄
Written by Zaw Moe

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ၊ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသတ်ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများသို့ ဝင်ရောက်နေရာယူထားသည့် KNU၊ NMSP (မွန်ခွဲထွက်အဖွဲ့) နှင့် PDF တို့အား တပ်မတော်က တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး မိုင်းရှင်းလင်းရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)မှ ယနေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ကော့ဘိန်းကျေးရွာနှင့် ဓမ္မသတ်ကျေးရွာအနီးပတ်ဝန်းကျင် ကျေးရွာများသို့ ပြီးခဲ့သည့် မတ်လ ၂၄ ရက်မှစ၍ KNU၊ NMSP (မွန်ခွဲထွက်အဖွဲ့) နှင့် PDF တို့က အင်အားအလွန်အကျွံ အသုံးပြုကာ ဌာနဆိုင်ရာအဆောက်အဦများ၊ ရဲစခန်းများအား ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့များ၊ ရဲစခန်းများမှ အင်အားစုစည်း၍ ခုခံခဲ့သော်လည်း မတ်လ ၂၅ ရက်တွင် ကော့ဘိန်းကျေးရွာမှလည်းကောင်း၊ မတ်လ ၂၇ ရက်တွင် ဓမ္မသတ်ကျေးရွာမှလည်းကောင်း အသီးသီးခေတ္တဆုတ်ခွာခဲ့ရပြီး တရနာ‌ကျေးရွာ၌ ပြန်လည်စုဖွဲ့ခဲ့ရခြင်းဖြစ်သည်။

ထို့နောက် တပ်မတော်က အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter – Terrorism Operation) ကို ဧပြီလ ၁၁ ရက်မှစ၍ စနစ်တကျ အဆင့်အဆင့်ခြေကုတ်ယူ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများနှင့် စုစုပေါင်းထိတွေ့တိုက်ပွဲ ၇ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်းအချို့နှင့် လက်နက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ၍ တပ်မတော်ဘက် အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဓမ္မသတ်ရွာအား ဧပြီလ ၂၂ ရက်တွင် လည်းကောင်း၊ ကော့ဘိန်းကျေးရွာအား ဧပြီလ ၂၅ ရက် (ယမန်နေ့)တွင်လည်းကောာင်း ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ချီတက်တိုက်ခိုက်ချေမှုန်းခဲ့မှုများကြောင့် အကြမ်းဖက်သမားများသည် ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးခဲ့ရပြီး ဆုတ်ခွာရာလမ်းကြောင်းတစ်လျှောက်ရှိ လူနေအိမ်များနှင့် ဌာနဆိုင်ရာအဆောက်အဦများ၊ ရဲစခန်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း စသည့်အဖျက်အမှောက်လုပ်ရပ်များ လုပ်ဆောင်၍ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

KNU၊ NMSP (မွန်ခွဲထွက်အဖွဲ့) နှင့် PDF တို့က ကော့ဘိန်းကျေးရွာနှင့် ဓမ္မသတ်ကျေးရွာ အနီးပတ်ဝန်းကျင် ကျေးရွာများသို့ ဝင်ရောက်နေစဉ်အတွင်း ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အဦများ၊ လူနေအိမ်များတွင် အကာအကွယ်ရယူပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘုန်းကြီးကျောင်းများ၊ လူနေအိမ်အဆောက်အဦများအကြားနှင့် အများပြည်သူသွားလာအသုံးပြုသည့် ဆက်သွယ်ရေးလမ်းကြောင်းများပေါ်၌ မိုင်းထောင်ခြင်းများ၊ ဒေသခံပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *