၂၆. ၄. ၂၀၂၄
Written by Thettant

UFC မှာ သုံးပွဲဆက်အနိုင်ရထားတဲ့ ချင်းတိုင်းရင်းသား ဖိုက်တာ Joshua Van ဟာ စတုတ္ထမြောက် ထိုးသတ်ပွဲအဖြစ် ပထမအကြိမ် ဧပြီ ၆ ရက်မှာ ထိုးသတ်ရမဲ့ပွဲမှာ ပြိုင်ဘက် Lucas Rocha နုတ်ထွက်သွားတာကြောင့် မထိုးသတ်ခဲ့ရပါဘူး။

ဒါကြောင့် လာမဲ့ ဇွန်လ ၁ ရက် UFC 302 ပွဲမှာ သူ့အဖို့ စတုတ္ထမြောက်ပွဲအဖြစ် တိဘက်လင်းယုန်လို့ နာမည်ကျော်တဲ့ တရုတ်ဖိုက်တာ Sumudaerji နဲ့ ထိုးသတ်ဖို့ ထပ်စီစဥ်ပေးပေမဲ့လည်း တိဘက်လင်းယုန်ကပါ ထပ်မံနုတ်ထွက်သွားပြန်လို့ ပြိုင်ဘက်မဲ့ဖြစ်နေတဲ့ Joshua Van ကို UFC က ဒီတစ်ကြိမ်တော့ အချိန်မလင့်စေဖို့ ဂျပန်ဖိုက်တာ Tatsuro Taira နဲ့ ဇွန်လ ၁ ရက်မှာပဲ ထိုးသတ်ဖို့ စီစဥ်ပေးလိုက်ပါပြီ။

အသက် ၂၂ နှစ်နဲ့ ၆ လအရွယ် Joshua Van ဟာ ၂၀၂၃ ဇွန်လက UFC မှာ ပထမဦးဆုံး ယှဉ်ပြိုင်ထိုးသတ် အနိုင်ရပြီး သုံးပွဲဆက်တိုက် ပြိုင်ဘက်ကောင်းတွေကို အနိုင်ရထားတဲ့ မြန်မာနိုင်ငံဖွား ချင်းတိုင်းရင်းသားအဖြစ် မှတ်တမ်းဝင်ထားသူ ဖြစ်သလို သူ့နဲ့ ယှဉ်ပြိုင်ဖို့ ထပ်မံနုတ်ထွက်သွားတဲ့ တရုတ်နိုင်ငံသား Sumudaerji (The Tebatan Eagle) က နောက်ဆုံး ၅ ပွဲမှာ ၅ ပွဲလုံး အနိုင်ရရှိထားသူပါ။

တိဘက်လင်းယုန်ဟာ Professional Record အနေနဲ့ ၁၆ – ၆ – ၀ ရလဒ်ပိုင်ဆိုင်ထားပြီး နိုင်ပွဲ ၁၆ ပွဲမှာ ၁၃ ပွဲက အလဲထိုးနဲ့ အနိုင်ရရှိထားကာ အဲဒီထဲမှာ ၁၁ ပွဲက ပထမအချီမှာ ပွဲဖြတ်နိုင်ခဲ့တဲ့ မှတ်တမ်းကောင်း ပိုင်ဆိုင်ထားတဲ့အပြင် အသက်အရွယ်အားဖြင့်လည်း အသက် ၂၈ နှစ်ဆိုတဲ့ အကောင်းဆုံးအသက်အရွယ်မှာ ရှိနေပြီး အရပ်အမောင်းနဲ့ခန္ဓာကိုယ်ပိုင်းကပါ Joshua Van ထက် သာလွန်ပါတယ်။

ဒါကြောင့် UFC ရဲ့ အသက်အငယ်ဆုံး ချန်ပီယံဖြစ်ချင်တယ်ဆိုတဲ့ ဗန် အတွက်တော့ ထိုးသတ်သမျှထဲ အခက်ခဲဆုံး လက်ရည်စစ်ပွဲဖြစ်လာမယ်လို့ သတ်မှတ်ထားချိန်မှာပဲ တိဘက်လင်းယုန်နုတ်ထွက်သွားလို့ UFC လို နေရာမျိုးမှာ ၁၅ ပွဲဆက်တိုက်ရှုံးပွဲမရှိတဲ့ တိဘက်လင်းယုန်ထက် Ranking သာပြီး ပိုခက်တဲ့ ဂျပန်ဖိုက်တာ Tatsuro Taira နဲ့ ဆုံဖို့ ဖြစ်လာတာပါ။

UFC ဖလိုင်းဝိတ်တန်းမှာ အဆင့် ၁၃ နေရာ ရပ်တည်နေတဲ့ တိုင်ရာဟာ တိဘက်လင်းယုန်ထက် နှစ်ဆင့်မြင့်သူဖြစ်ပြီး တိုင်ရာကို စီမံခန့်ခွဲပေးနေတဲ့ Iridium Sports Agency ကတော့ တိုင်ရာနဲ့ ဗန်တို့ပွဲက မျက်တောင်မခတ်ဘဲ ကြည့်နေရမဲ့ပွဲလို့လည်း ညွှန်းဆိုပါတယ်။

အကြောက်တရားကင်းမဲ့တဲ့ ချင်းဖိုက်တာ ဗန်ဟာ UFC မှာ ထိပ်တန်း ၁၅ ယောက် အပြင်ဘက်မှာသာ ရှိနေသေးချိန် အဆင့် ၁၃ နေရာက တိုင်ရာနဲ့ ထိုးသတ်ဖို့ ဖြစ်လာတာက UFC ရဲ့ အသက်အငယ်ဆုံးဖိုက်တာအဖြစ် ဂျွန်ဂျုန်းကို ကျော်ဖြတ် မှတ်တမ်းဝင်ချင်နေတဲ့ ဗန့် အဖို့တော့ မလွယ်ကူပါဘူး။ ဒါပေမဲ့ Rank 15 အပြင်ဘက်က လူငယ်တစ်ယောက်အဖို့တော့ ကျော်ဖြတ်ရမဲ့ ဖိုက်တာအများကြီးထဲက ခက်ခဲတဲ့သူတစ်ယောက်ကို စောစောစီးစီးဆုံခွင့်ရတာကလည်း အသက်အငယ်ဆုံး UFC ချန်ပီယံဖြစ်ဖို့ အချိန် ၁၁ လပဲကျန်တဲ့ ဗန့်အဖို့တော့ အမြန်ဆုံးဖြတ်လမ်းလို့ ဆိုရမှာပါ။

Joshua Van ထိုးသတ်တဲ့ပွဲတွေကို အကြမ်းဖျဥ်းအကဲဖြတ်မယ်ဆိုရင် သူဟာ ပထမအချီမှာ ပြိုင်ဘက်ရဲ့ ထိုးသတ်ပုံကိုအကဲဖြတ်ပြီးမှ တန်ပြန်တိုက်စစ်ဆင်တာဖြစ်လို့ ပထမအချီမှာ နိမ့်တာများပြီး နောက်အချီတွေမှ ပြန်လာနိုင်တာဖြစ်လို့လည်း ပထမအချီတင်အလဲထိုး ပွဲဖြတ်တာများတဲ့ တိဘက်လင်းယုန်ကို ယှဥ်ပြိုင်ဖိုသေချာပေါက်ခက်မှာလို့ ခန့်မှန်းကြသလို တိုင်ရာကလည်း အနိုင်ထိုးသတ်ပွဲ ၁၅ ပွဲမှာ ၈ ပွဲက ပထမအချီတင် ပွဲဖြတ်ပြီး ၄ ပွဲကတော့ အလဲထိုးထားတာပါ။ ဒါ့အပြင် တိုင်ရာက ဗန်ထက် ၂ နှစ်ကျော်ပဲကြီးပြီး အရပ်လည်း ၂ လက်မပိုမြင့်တဲ့အပြင် လက်တံကလည်း လက်မ ၇၀ ရှိလို့ အရပ်၊ အတွေ့အကြုံ၊ လက်တံ၊ အဆင့် အကုန်သာတဲ့သူလို့ ပြောရမှာပါ။

ဒါပေမဲ့လည်း UFC ရဲ့ အသက်အငယ်ဆုံးချန်ပီယံဖြစ်ဖို့ ပစ်မှတ်ထားတယ်ဆိုရင်တော့ တခြားဖိုက်တာတွေကလည်း တိုင်ရာထက် ခက်သထက်ခက်လာမဲ့စာစစ်မှူးတွေချည်းဖြစ်လို့ Van အဖို့တော့ ဘယ်လောက်ခက်တဲ့စာစစ်မှူးဖြစ်ဖြစ် အနိုင်ရဖို့ ဖြေဆိုထိုးသတ်ရမှာပါ။

Jon Jones က အသက် ၂၃ နှစ်နဲ့ ၈ လမှာ UFC ရဲ့ ချန်ပီယံဖြစ်လာခဲ့ပြီး Van က လက်ရှိမှာ ၂၂ နှစ်နဲ့ ၆ လဖြစ်လို့ UFC ရဲ့ အသက်အငယ်ဆုံးချန်ပီယံဖြစ်ဖို့ဆိုရင်တော့ သူ့အဖို့ အချိန် ၁၁ လပဲရတော့မှာပါ။ ၁၁ လအတွင်းမှာ သူ ချန်ပီယံဖြစ်လာမလားဆိုတာကတော့ ပထမဆုံးဖြတ်ကျော်ရမဲ့ UFC ဖလိုင်းဝိတ်ရဲ့ ထိပ်တန်း ၁၅ ယောက်ထဲက အဆင့် ၁၃ တိုင်ရာကို အရင်ဆုံး သူ အနိုင်ယူပြဖို့ လိုအပ်နေတယ်လို့ပဲ ပြောရမှာပါ…။

Leave a Reply

Your email address will not be published. Required fields are marked *